သျှမ်းပြည်တပ်မတော် SSPP/SSA အခြေစိုက်သည့် တာ့ဖာဆောင် တပ်စခန်းအား တိုက် ခိုက်သိမ်းပိုက်ရန် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ညွှန်ကြားချက်ဖြင့် ယနေ့(၂ ၊၁၀ ၊၂၀၁၄) နံနက် ၀၅ နာရီ မိနစ် ၄၀ တွင် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ နှင့် ခိုလမ်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ စစ်ဗျူဟာ ၅ ခုမှ သျှမ်းပြည်တောင်ပိုင်းကျေး သီးမြို့ဘက်သို့ အားဖြည့်ကာ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ SSPP/SSA တာ့ဖာဆောင် တပ်စခန်းအား ယနေ့နံနက်ပိုင်းမှစ၍ စတင်တိုက်ခိုက်သည် ဟု ရှေ့တန်းရောက် SSA တပ်မှူး တစ်ဦးက ပြောသည်။
ကျေးသီးမြို့အရှေ့မြောက်ဘက် တာ့ဖာဆောင်၊ ကောင်းမတ်ဟင်တန်၊ ပန်စေ့၊ ကောင်းမမုံ့လောင်း၊ ကောင်းမိုက်ညောင် တပ်စခန်းများကို အစိုးရတပ်မတော် စကခ ၂ ခလရ ၂၄၇ ၊ ခလရ ၂၄၈ ၊ခလရ ၂၉၄ ၊ ခမရ ၅၁၆ ၊ ခလရ ၂၈၇ ၊ ခလရ ၉ ၊ ခလရ ၁၂ ၊ ရမခ ၅၂၃) စစ်ကြောင်း လူအင်အား ၁၀၀၀ ကျော်နှင့် ၆၀ မမ ၊ ၈၁ မမ၊ ၁၂၀ မမ စိန်ပြောင်းနှင့် ပွိုင့် ၅ လေယာဉ်ပစ် စက်သေ နတ်ကြီး ၂ လက်ဖြင့် စစ်ကြောင်း ၁၀ ခုခွဲကာ လှုပ်ရှား တိုက်ခိုက်နေသည်ဟု သိရသည်။
“မိုင်းရယ်၊ တန့်ယန်းဘက်ကဆင်းလာတဲ့တပ်ဖွဲ့တွေ၊ မိုင်းစံ၊ မိုင်းရှူး၊ မိုင်းနောင်ဝမ့်စိမ်း နဲ့ ကျေးသီး နမ့်ပုတ်တပ်တွေ လေ။ စစ်ဗျူဟာ၊ မိုင်းနောင်က စကခ (၂) လက်အောက်ခံတပ်တွေ၊ အခု သူတို့ သုံးထားတဲ့စစ်အင်အားက ၅၀၀ ကျော်ကျော်လောက်ရှိမယ်။ ကျနော်တို့ဘက်ရောက်နေတဲ့ အစိုးရတပ် အင်အား ထပ်ရောက်လာတဲ့တပ်တွေ၊ ရှိရင်းစွဲတပ်တွေ အားလုံး အင်အား ၂၀၀၀ ထက်မနည်းဘူး” - - ဟု အဆိုပါ တပ်မှူးကပြောသည်။
ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ပစ်မှတ်ကျော်ကျသည့် လက်နက်ကြီး ဒဏ်ခံရသော တာ့ဖာတပ်စခန်းအနီး နမ့်ဟဲင်ချောင်း အနောက်ဘက်ကမ်း ငူးလိန်ရွာမှ ရွာသူရွာသား ရွာလုံးကျွတ် စစ်ဘေးရှောင်ရှား ထွက်ပြေးရသည်ဟု ဒေသခံများကပြောသည်။
လက်ရှိတွင် ဝမ့်ဝပ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မိုင်းရှူးမြို့မြောက်ဘက် မိုင်းအောတ်ကျေးရွာအုပ်စုဘက်တွင်လည်း စစ်ရေးပိုမိုတင်းမာလာနေကြောင်း သိရသည်။
အစိုးရ၏ ရှေ့တန်းတက် တိုက်ခိုက်ရေးတပ်ရင်းများသည် မန့်ကတ်(တန့်ယန်း၊ သျှမ်း/မြောက်)နှင့် ကျိုင်းတောင်း ( မိုးနဲမြို့ နယ်၊ သျှမ်း/တောင်) တို့တွင်ပြုလုပ်သော တပ်စခန်းတက်သိမ်းသည့်သင်တန်း မှ သင်တန်းဆင်းတပ်ဖွဲ့များဖြစ်ကြောင်း၊ ထို့ကြောင့် တာ့ဖာဆောင်တပ်စခန်းအား တိုက်ခိုက်ရခြင်းသည် အစိုးရတပ်၏ အဓိကလိုအပ်ချက် မဟုတ်နိုင်ဘဲ ဝ နယ်နှင့် ကပ်လျက်ရှိသည့် သံလွင်အနောက်ခြမ်း စစ်ရေးမဟာဗျူဟာကျ တောင်ကုန်းများ၊ တပ်စခန်းများအား သိမ်းပိုက်လိုခြင်းသာဖြစ်နိုင်ကြောင်း SSPP/SSA ဌာနချုပ် ရုံးအရာရှိတစ်ဦးက သူ့အမြင်ကို သုံးသပ်ပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည်။