အမေရိကန်နိုင်ငံသားများ ကရင်နှင့် မွန်ပြည်နယ်သွားရာတွင် လုံခြံုရေးသတိပြုရန် ကန်သံရုံးသတိပေး

အမေရိကန်နိုင်ငံသားများ ကရင်နှင့် မွန်ပြည်နယ်သွားရာတွင် လုံခြံုရေးသတိပြုရန် ကန်သံရုံးသတိပေး
by -
မဇ္စျိမ

ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဖြစ်နေသည့် တိုက်ပွဲများကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယင်းဒေသ၌ သွားလာနေကြသည့် အမေရိကန်နိုင်ငံသားများ လုံခြံုရေးဂရုစိုက်ရန် ယနေ့တွင် သတိပေး ချက် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံသားများ အတွက် သိသာသော ခြိမ်းခြောက်မှုများ မရှိသော်လည်း ကရင်နှင့် မွန်ပြည်နယ်တို့မှ တိုက်ပွဲများကြောင့် လုံခြံုရေးကို အထူးဂရုပြုရန်နှင့် အချိန်နှင့်တစ်ပြေးညီထုတ် ပြန်သည့် သတင်းများကို နားစွင့်ထားကြရန် ထုတ်ပြန်ထားသည်။

Foreigner

တပ်မတော်နှင့် DKBA (ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်)တို့သည် စက်တင်ဘာ ၂၆ မှ ၂၈ ရက် အထိ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ၂၉ ရက်မှ ယနေ့အထိ ကရင်ပြည်နယ် အတွင်း ထိတွေ့မှုများရှိနေသည်။

နှစ်ဖက်တပ်များ ရင်ဆိုင်ပစ်ခတ်မှု အချို့ကြောင့် စက်တင်ဘာ ၂၉ ရက်အထိ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး သေဆုံးခဲ့ရသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး နိုင်မောင်ဇော်က “နိုင်ငံခြားသားတွေရဲ့လုံခြံုရေး စိုးရိမ်ရတဲ့ အနေအထားတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ နိုင်ငံသားကို သူတို့စိုးရိမ်လို့ ပြောတာဖြစ်မှာပါ။ ဒီဘက်မှာလည်း အသံတွေက ထွက်နေတာကိုး ။ဘားအံ မှာတော့ သွားလာနေကြတာပဲ”ဟု ပြောသည်။

အမေရိကန်သံရုံး၏ ကြေညာချက်တွင် မြဝတီ၌ တည်ငြိမ်နေသော်လည်း တင်းမာမှုများရှိနေပြီး လူအုပ်ကြီး စုရုံးမှုများကို ရှောင်ရှားရန်၊ သံသယရှိဖွယ်နေရာမှ ချက်ချင်းထွက်ခွာရန်၊ သံသယရှိစရာ အထုပ်အပိုးတွေ့ရှိ ပါက မကိုင်တွယ်မိရန် သတိပေးထားသည်။ အမေရိကန်နိုင်ငံသားတစ်ဦးတွင် အရေးပေါ် အကူအညီလို အပ်လာပါက အမေရိကန်သံရုံး၏ အရေးပေါ်ဖုန်းနံပါတ် ဖြစ်သည့် ၉၅ ၉၅၁၂၄၃၃၀ သို့ ဆက်သွယ် နိုင်သည်ဟုလည်း ဖော်ပြပါရှိသည်။

တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅ က စက်တင်ဘာ ၁၄ ရက်တွင် မြဝတီမြို့ အတွင်းလှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ယူနီဖောင်းနှင့်တကွ လက်နက်ကိုင်ဆောင်မှု မပြုရန်သတိ ပေးပြီးနောက် ပြည်နယ်တွင်း ပဋိပက္ခ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။