တပ်အသွင်ပြောင်းရေး UWSA လက်မခံဟု စရဖ ညွန်ချုပ်ထံအကြောင်းပြန်

တပ်အသွင်ပြောင်းရေး UWSA လက်မခံဟု စရဖ ညွန်ချုပ်ထံအကြောင်းပြန်
စစ်အစိုးရအကြံပြုတောင်းဆိုချက်ကို လက်မခံနိုင်ဟု မေလ ၂ဝ ရက်နေ့က ဝ ပြည် သွေးစည်းရေး တပ်မ တော် UWSA က ဗိုလ်ချုပ်ရဲဲမြင့်ထံ အကြောင်းပြန်ခဲ့ကြောင်း အမည်မဖေါ်လိုသူ ဝအရာရှိတဦးက ပြော ...

စစ်အစိုးရအကြံပြုတောင်းဆိုချက်ကို လက်မခံနိုင်ဟု မေလ ၂ဝ ရက်နေ့က ဝ ပြည် သွေးစည်းရေး တပ်မ တော် UWSA က ဗိုလ်ချုပ်ရဲဲမြင့်ထံ အကြောင်းပြန်ခဲ့ကြောင်း အမည်မဖေါ်လိုသူ ဝအရာရှိတဦးက ပြောပါ သည်။  

ဧပြီလနှောင်းပိုင်း စစ်အစိုးရ အဆင့်မြင့် အရာရှိများ နှင့် အပစ်ရပ်ခေါင်းဆောင်များ တွေ့ဆုံပြီးနောက်ပိုင်း မေလ ၁၉ ရက်နေ့အထိ UWSA ဌာနချုပ် ပန်ဆန်း၌ကျင်းပသည့် အစည်းအဝေးဆုံးဖြတ်ချက်အရ စစ်အစိုးရ အကြံပြုတောင်းဆို ချက်များဖြစ်သည့် နယ်ခြားကာကွယ်ရေးတပ်အသွင်ပြောင်းရန်ဟူသည့်အချက်ကို သဘောတူ လက်ခံခြင်း မရှိ သကဲ့သို့၊ ဝ ပြည်သွေးစည်းရေးတပ်မတော်လည်း ဝ ပြည်အစိုးရလက်အောက်တွင်သာထားရှိရန်ဆုံးဖြတ်ခဲ့သည်။ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း မေလ ၂ဝ ရက်နေ့က စရဖ ညွန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံအကြောင်းပြန်ခဲ့သည် ဟု အမည်မဖေါ်လိုသည့်ထိုအရာရှိက ဆိုသည်။

“မေလ ၂ဝ ရက်မှာ စစ်အစိုးရကို အကြောင်းပြန်ဖို့ ရန်ကုန်မှာရှိတဲ့ ကျနော်တို့ ကိုယ်စားလှယ်ဆီကို အကြောင်းကြား ပြန်တယ်။ အဲဒီအချိန် ဗိုလ်ချုပ်ရဲမြင့်  ခရီးထွက်နေတော့ နောက်တရက်နှစ်ရက်နေမှ (သူပြန်လာမှ) အကြောင်းပြန်ရ တယ်။ ဗိုလ်ချုပ်ရဲမြင့်က  ကျနော်တို့ဆိုလိုတဲ့အဓိပ္ပါယ်ကို ခင်ဗျားတို့ သဘောမပေါက်သေးဘူးနဲ့တူတယ်။ ခင်ဗျားတို့ လူကြီးတွေကို ကျနော်ထပ် သွားတွေ့ဦးမယ် လို့ပြောတယ်။ ကျနော်တို့ဘက်ကတော့ အချိန်မရွေးတွေ့ဖို့မျော်လင့်တယ်။ ဒါပေမယ့် လူအင်အားလျော့ချဖို့ စစ်တပ် အသွင်ပြောင်းဖို့ အသက် ၅ဝ ကျော် အရာရှိကြီးများ ရာထူးမှနားဖို့ဆိုတာ တွေကိုတော့ ကျနော်တို့ လက်မခံနိုင်ဘူး” - ဟု ထိုအရာရှိက ပြောသည်။   

စစ်အစိုးရ၏ စစ်ဘက်ရေးရာ လုံခြံုရေးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် UWSA ကိုယ်စားလှယ်ကိုရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့ တွင် ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံခဲ့သည်။ ထိုအတူ မရှေးမနှောင်း၌ပင် အခြားအပစ်ရပ် အဖွဲ့ကိုယ်စားလှယ်များနှင့်လည်း စစ်အစိုးရ၏ စစ်တိုင်းမှူးများက   အသီးသီးခေါ်ယူတွေ့ဆုံ ခဲ့သည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က လက်မခံနိုင်ကြောင်း ချက်ခြင်း အကြောင်းပြန်ခဲ့သော်လည်း ကျန် အဖွဲ့များမှာ အကြောင်းအမျိုးမျိုးပြပြီးယခုတိုင် အကြောင်းမပြန်သေးချေ။

ဝ ပြည်သွေးစည်းရေးတပ်မတော် UWSA (အထူးဒေသ ၂ )သည် အထူးဒေသ ၄ မိုင်းလားအဖွဲ့၊ အထူးဒေသ ၁ ကိုးကန့်အဖွဲ့၊ အမျိုးသားဒီမိုကရက်တစ်တပ်မတော် - ကချင် NDA-K တို့ နှင့် ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းထားသည့် ဒီမိုကရေစီတပ်ပေါင်းစု PDF  အဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ ဖြစ်ပါသည်။

Most read this week