နယ်ခြားစောင့်တပ်အတွက် အခြေခံစစ်သင်တန်းနှင့် စီမံကွပ်ကဲအုပ်ချုပ်ရေးဌာနသစ်ကို သံဖြူဇရပ်မြို့ အရှေ့တောင်ဘက် (၉) မိုင်ဝန်းကျင်အကွာရှိ ရဲတံခွန်ကျေးရွာအနီး တိုင်းဗဟို (၄) တွင် နအဖအာဏာပိုင်တို့က တည်ဆောက်မည် ဖြစ်ကြောင်း (KPF) အဖွဲ့ အသိုင်း အဝိုင်းတို့၏ ပြောပြချက်အရ သိရသည်။
“ဇွန်လအတွင်းမှာ (KPF) အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ နအဖတွေက အခြေခံစစ်သင်တန်းရယ်၊ တပ်ရဲ့အုပ်ချုပ်မှုသင်တန်းရယ်ဆိုပြီးတော့ တိုင်းဗဟို (၄) မှာ သင်တန်းပေးဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို နအဖတွေက လုပ်ဆောင်နေပါပြီး” ဟု (KPF) နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
နယ်ခြားစောင့်တပ်အတွက် စစ်သင်တန်းများကို ယခုတည်ဆောက်နေသည့် ရဲတံခွန် စစ်လေ့ကျင့်ရေးကျောင်း၊ အမှတ် (၄) တန်းမြှင့် လေ့ကျင့်ရေးကျောင်း (ဝဲကလီ)နှင့် ပြင်ဦးလွင်မြို့မှ စစ်သင်တန်းကျောင်းတွင် လေ့ကျင့်ပေးမည် ဖြစ်သည်။
သင်တန်းကာလအတွက် ဒုဗိုလ်ကြီးအဆင့်မှ တပ်ရင်းမှူးအဆင့်အထိ အရာရှိများကို သင် တန်းရက် (၄၅) ရက်နှင့် တပ်ကြပ်အဆင့်များနှင့် တပ်သားများကို သင်တန်းရက် (၉ဝ) ရက်ထိ သတ်မှတ်ထားသည်။
“အခြေခံစစ်သင်တန်းပေးဖို့က နေပြည်တော်က အမိန့်ဖြစ်တယ်၊ ဒါပေမယ့် တိုက်ရိုက်တော့ မဟုတ်ဘူး အရှေ့တောင်တိုင်းကနေတဆင့် အမိန့်ပေးတာဖြစ်တယ်၊ သင်တန်းကိုတော့ အစက ဒီမေလကုန်လောက်မှာ စမယ်လို့ ပြောထားတယ်၊ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ လာမည့် စက်တင်ဘာလလောက်မှ ဖြစ်မယ်လို့လဲ တာဝန်ရှိသူတွေကပြောတယ်” ဟု ၄င်း (KPF) နှင့် နီးစပ်သူက ပြောသည်။
မွန်ပြည်သစ်ပါတီကိုမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို နအဖမှ ယခုအထိပင် မပြောရသေးချေ။ ပြီးခဲ့သည့် မတ်လ ပထမပတ်တွင် နအဖအာဏာပိုင်တို့က မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ယခုနအဖတို့က အပစ်ခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အသွင်ပြောင်း သည့်ကိစ္စများကိုသာ ရှင်းလင်းထားခဲ့ဘူးသည်။
“ပထမတစ်ကြိမ်တွေ့ဆုံပြီးတော့ ဒီကနေ့ထိတော့ နအဖကနေ ဘာမှမပြောရသေးဘူး၊ ဒါပေမယ့် တချိန်ချိန်မှာ သူတို့က ပြောလာမှာပဲ၊ မွန်ပြည်သစ်ပါတီအနေနဲ့လည်း သူ တို့ပြောလာမယ့်စကားပေါ်မှာမူတည်ပြီးတော့ ဘာဆက်လုပ်ရမလည်းဆိုတာ ပြန်လည် ဆွေးနွေး မှာဖြစ်ပါတယ်” ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နအဖအစိုးရထံ အပစ်ခတ်ရပ်အဖွဲ့အစည်းများအားလုံးကို နယ်ခြားစောင့်တပ်အသွင်ပြောင်း လဲရန်အတွက် နအဖအစိုးရတို့က ရည်ရွယ်ထားကြောင်းကိုလည်း သူက ဆက်ပြောသည်။
ယခုလက်ရှိအခြေအနေအရ နအဖအစိုးရထံ အပစ်ခတ်ရပ်လက်နက်ချထားသည့် (KPF) (KPC) (DKBA) အဖွဲ့တို့သာလျှင် နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ရန်ရှိသည်။
နေပြည်တော်မှ ထိပ်တန်း အစိုးရအရာရှိအချို့အပါအဝင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့က လွန်ခဲ့သည့် မတ်လ (၃ဝ) ရက်နေ့တွင် (KPF) အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး (KPF) တပ်ဖွဲ့ကို မြန်မာနယ်ခြားစောင့်တပ်အသွင် ပြောင်း လဲရန် ညွှန်ကြားထားသည်။