လက်နက်ကိုင် အဖွဲ့အစည်း စနစ်တကျ ဥပဒေနှင့်အညီ နေထိုင်ကျင့်ကြံသွားရန် လိုအပ်ဟုဆို

လက်နက်ကိုင် အဖွဲ့အစည်း စနစ်တကျ ဥပဒေနှင့်အညီ နေထိုင်ကျင့်ကြံသွားရန် လိုအပ်ဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ စည်းစနစ်တကျ ဥပဒေနှင့် အညီနေထိုင်ကျင့် ကြံသွားကြရန် လိုအပ်နေပြီဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ဒု-ဥက္ကဌ ခူဦးရယ်က စက်တင်ဘာလ ၂၇ ရက်နေ့ ဒီးမော့ဆိုမြို့ မော့ဒူကလားမေးခန်းမဆောင်တွင် ကျင်းပသည့် မြို့နယ်အဆင့် လူထုကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ပြောကြားသွားသည်။

“လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတယ်။ စစ်ဖက်ဆိုင်ရာကျင့်ဝတ်တွေကို သဘောတူထားတာတွေရှိတယ်။ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲပြီးတဲ့ထဲမှာ တပါတည်းပါတယ်။ အားလုံး ကျင့်ကြံဖို့လိုတယ်။ ဒါကြောင့်အချင်းချင်း ဆွေးနွေးဖို့ လိုမယ်။ လက်နက်လျော့ချရေး ၊တပ်အင်အားလျော့ရေး ၊ တပ်ကိုဘယ်လိုအသွင်ကူးပြောင်းမလဲ လုံခြံုရေးဆိုင်ရာအသွင် ကူးပေါင်းမလားပေါ့” ဟု ပြောသွားသည်။

army-day-roks1

တပ်ပိုင်းဆိုင်ရာများ ၊ စစ်ဘက်ဆိုင်ရာများနှင့်ပက်က်သက်၍ တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေး မူဘောင်တွင်း တွင် အချက်တစ်ချက်အဖြစ်အဓိကပါဝင်နေသည့့်အတွက် ပြည်နယ်အတွင်းလက်နက်ကိုင်များအပေါ် ယခုလို ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် ပြောကြားသွားခြင်းဖြစ်သည်။

ထိုအရေးကိစ္စနှင့်ပတ်သက်၍ KNPP အနေနှင့် လက်နက်ကိုင် အဖွဲ့များနှင့် သီးသန့် တွေ့ဆုံ ဆွေးနွေး သွားရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။

တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေး ဆွေးနွေးရာတွင် မလွှဲမသွေ ဖြက်သန်းရသည့် အဆင့်တစ်ခုဖြစ်သော လက်နက်ကိုင်တပ်များ ပြန်လည်စုဖွဲ့ခြင်း နှင့် အစိုးရနှင့် မဆွေးနွေး ခင် ပြည်နယ်တွင်းရှိ အခြားလက်နက်ကိုင် တပ်ဖွဲ့များ ၏သဘောထားများ လက်နက်ကိုင်တပ်ဖွဲ့ များသာအဓိက ဦးတည်၍ ဆွေးနွေးရမည့် ကိစ္စများသာ ဖြစ်သောကြောင့် ယခုလိုသီးသန့်တွေ့ဆုံ ဆွေးနွေးရန် ပြုလုပရခြင်း ဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်ကပြောသည်။

၎င်းက “ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆိုရင် လက်နက်ကိုင်တပ်တွေ ပြန်လည်စုဖွဲ့ခြင်းဆိုတဲ့ ကိစ္စမျိုးပါလာတယ်။ ဒါကြီးက တစ်နိုင်ငံလုံး အတိုင်းတာနဲ့ဆွေးနွေး မှာဖြစ်တယ်၊ အဲဒီတော့ မဆွေးနွေးခင်မှာ ဒီပြည်နယ်တွင်းမှာရှိတဲ့ တခြားသော အပစ်ခက်ရပ်စဲရေး အဖွဲ့များ အနေနဲ့ ကျနော်တို့ လက်နက်ကိုအဖွဲ့တွေပဲအဓိက ဦးတည်ပြီးဆွေး နွေးရမည့် ကိစ္စဖြစ်တဲ့အတွက် ဒီလိုကိစ္စမျိုးမှာ ဘယ်လိုသဘောထားကြမလဲ ဘယ်လို အခြေခံမူပေါ်ရပ် တည်ကြမလဲ ကျနော်တို့ဆွေးနွေးဖို့ လိုပါတယ် ဒါကြောင့်သီးသန့်တွေ့ဆုံဖို့ ပြောကြားရခြင်း ဖြစ်ပါတယ် ”ဟု စက်တင်ဘာ ၂၅ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

ကယားပြည်နယ်အတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ အနေနှင့် ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) အပါအဝင် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)၊ ကယန်းပြည်သစ်ပါတီ(KNLP)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တတ်ရေး ပါတီ(KNPDP)၊ ကရင်နီအမျိုးသား သွေးစည်းညီညွှတ်ရေးအဖွဲ့ (KNSO) များရှိကြသည်။

ကရင်နီလူငယ်များ သမဂ္ဂအဖွဲ့မှ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က “ကျနော်ကတော့ အခုလို KNPP အနေနဲ့ လူထုတွေနဲ့တွေ့ဆုံ မှာကော လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ပြောသွားတာတွေ အပေါ် ကြိုဆိုပါတယ် ”ဟု စက်တင်ဘာ ၂၅ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

KNPP နှင့် ပြည်နယ်တွင်းရှိ လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံသွားမည့် နေ့ရက်အတိအကျ ကိုတော့ ထုတ်ဖော် ပြေား ဆိုသွား ခြင်း မရှိသေးပေ။

Most read this week