ရှမ်းနှင့် ကချင်ပြည်နယ် လူငယ် ကွန်ယက် များမှ မူးယစ် တိုက်ဖျက်ရေး လှုပ်ရှားမှု လုပ်ဆောင်

ရှမ်းနှင့် ကချင်ပြည်နယ် လူငယ် ကွန်ယက် များမှ မူးယစ် တိုက်ဖျက်ရေး လှုပ်ရှားမှု လုပ်ဆောင်
by -
ရွှေဟင်္သာ

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့၌ ဒေသခံ ပြည်သူများ အကြား မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမို များပြား လာနေ သဖြင့် ပြည်နယ် ဒေသခံ လူငယ် ကွန်ယက် အဖွဲ့ များမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ရပ်အား စက်တင်္ဘာလ ၂၉ရက်နေ့တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ၌ လုပ်ဆောင် ခဲ့ကြသည်ဟု ဒေသခံ လူငယ်ကွန်ယက် အဖွဲ့ ခေါင်းဆောင် များမှ ပြောသည်။

ကချင်ပြည်နယ်ရှိ ဖားကန့် ကျောက်တွင်း ဒေသ၌ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲမှု များပြား လာခြင်းကို ဆန့်ကျင် တိုက်ဖျက်သည့် အားဖြင့် ကချင် လူငယ် ကွန်ယက် အဖွဲ့ဝင် (၆၀၀) ကျော်မှ စက်တင်ဘာ (၂၉) ရက်နေ့ နံနက်တွင် ဖါးကန့် မြို့နယ် ဝေခါ ဒေသတွင် ဆန္ဒပြ ခဲ့ကြ သည်ဟု ကချင် ဒေသခံ ကိုဘရန်မိုင်က ပြောသည်။

 phophtaw300902

“ကျွန်တော်တို့ ပြည်သူ လူထု ပေါင်းစုံပေါ့ အသင်းတော် အခြေပြု ပြီးတော့မှ အခု ကျွန်တော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆန္ဒပြ တောင်းဆို တဲ့အနေနဲ့ အခုကျွန်တော်တို့ ဝေဖါမှာ မနက်(၈) နာရီမှာ ဆန္ဒ ပြပွဲ ပြုလုပ် နေတယ်၊ ဒီမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ သူတွေ ကျွန်တော်တို့ ဝေခါ ဖါးကန့် ဆိုင်းတောင် လုံးခင်း အပိုင်းမှာ တအား များတယ်” ဟု ကိုဘရန်မိုင်မှ ပြောသည်။

ထိုသို့ ကချင်ပြည်နယ် အတွင်း၌ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရောင်းဝယ် ဖော်ကား မှုများ များပြား နေသော်လည်း သက်ဆိုင်ရာ အာဏာပိုင် များမှ ထိရောက်သော အရေးယူမှုများ ပြုလုပ် နိုင်ခြင်း မရှိကြောင်း ကိုဘရန်မိုင်က ဆက်ပြောသည်။

အလားတူ ရှမ်းပြည်နယ် တွင်း၌လည်း မူးယစ်ဆေးဝါး သုံးစွဲမှု များပြား လာသည်ကို ဆန့်ကျင်သည့် အနေနှင့် ရှမ်းပြည်နယ် လူငယ် ကွန်ယက် အဖွဲ့မှ ဦးဆောင်ကာ လူငယ် ကွန်ယက် အဖွဲ့ဝင် (၅၀၀) ကျော်မှ ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရက်နေ့တွင် ကွတ်ခိုင် မြို့နယ် လွယ်ဆန်ဆစ် တောင်ပေါ် အထိ လမ်းလျှောက် ချီတက် ခဲ့ကြကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ် အပါအဝင် အချက်သုံး ချက်ကို တောင်းဆိုကာ ကျေညာချက် ထုတ်ပြန် ခဲ့သည်ဟု လူငယ်ကွန်ယက် ခေါင်းဆောင် စိုင်းဆိုင်မိန်းက ပြောသည်။

“ရှမ်းပြည်နယ်  အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ပြသနာ တော်တော်လေးကို ဆိုးဝါး နေပါတယ်။ အစိုးရက အနှစ် (၃၀) စီမံကိန်း ချမှတ်ပြီး လုပ်ခဲ့ ပေမယ့်လဲ အောင်မြင်တာ မတွေ့ ရဘူး။ မအောင်မြင်တဲ့ အပြင်ကို ဒီမူးယစ်ဆေးဝါး ထုတ်လုပ်မှု သုံးစွဲမှု ဖြန့်ဖြူး ရောင်းဝယ် မှုက ပိုပြီး တိုးမြင့် လာနေ တာကို တွေ့နေ ရတယ်၊ အဲဒီအပေါ်မှ ာကျွန်တော်တို့ လူမှု ကွန်ယက်က မူးယစ်ဆေးဝါး ပြဿသနာကို လက်ရှိ အစိုးရရော ဒေသ အတွင်းမှာ ရှိတဲ့ အာဏာပိုင် တွေရော တိုင်းရင်းသား လက်နက်ကိုင် တွေရော ဒီကိစ္စကို အရေးယူ ပေးဖို့ ကျွန်တော်တို့ တောင်းဆို ချင်ပါတယ်” ဟု စိုင်းဆိုင်မိန်းက ပြောသည်။

ဤသို့ ရှမ်းပြည်နယ် အတွင်း၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကျယ်ပြန်လာသည့် အခြေအနေနှင့် ပက်သက် ၍လည်း ရှမ်းပြည် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ခု ဖြစ်သည့် မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ခေါ် ရှမ်းပြည် တိုးတက်ရေး ပါတီ မှလည်း စက်တင်ဘာလ (၂၆) ရက်နေ့တွင် ရှမ်းဘာသာဖြင့် သဘောထား ကျေညာချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

ယင်း ထုတ်ပြန်ချက် ထဲတွင် ပြည်သူ တရပ်လုံး အပေါ် ဘေးအန္တရာယ် ဖြစ်စေနိုင် သလို ကမ္ဘာ တဝှမ်းရှိ လူသားများ အတွက်လည်း ဆိုးကျိုး သက်ရောက်မှု ရှိသည့် အတွက် မူးယစ်ဆေးဝါးကို တိုက်ဖျက်ရန် အတွက်  တိုက်တွန်း ထားကြောင်း မြောက်ပိုင်း ရှမ်းပြည် တပ်မတော်မှ ဗိုလ်မှူးကြီး ဖိန်ဖက ပြောသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ပပျောက်ရေး စီမံချက် အတွက် ပြည်ထဲရေး ၀န်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှ မူးယစ် ဆေးဝါး ပပျောက်ရေး စီမံကိန်းကို (၂၀၁၄) ခုနှစ်မှ (၂၀၁၉) ခုနှစ် အထိ ရက်သတ်မှတ် တိုးမြှင့် ခဲ့သည်ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် တရားဝင် ပြောကြား ခဲ့သည်။

သို့သော်လည်း မြန်မာ နိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ဒေသခံများ အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်း များမှလည်း စိုက်ပျိုးမှု လုပ်ဆောင် နေကြ သလို (၂၀၀၆) ခုနှစ်မှ စ၍ ဘိန်းစိုက်ပျိုးမှု (၂၄) ရာခိုင်နှုန်း တိုးတက် လာသည်ဟု ၂၀၁၃ ခုနှစ် ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ရွေတြိဂံဒေသ မြန်မာ နိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံ များတွင် ဘိန်းစိုက်ပျိုး မှုနှင့် မူးယစ်ဆေးဝါး ကုန်သွယ််မှုများ ၆ နှစ် ဆက်တိုက် တိုးများ လာနေသည် ဟုလည်း နယ်သာလန် အခြေစိုက် TNI Transnational Institute ၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာ သစ်တွင် ဖော်ပြ ထားသည်။

ဤအခြေအနေ အရ ဒေသတွင်း အစိုးရ များ၏ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး မူဝါဒ အားနည်း မှုကြောင့် ၂၀၁၅ ခုနှစ် မူးယစ်ဆေးဝါး ကင်းလွတ်ဇုံ ဖြစ်ရမည် ဆိုသည့် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်း၏ မဟာဗျူဟာ မျှော်မှန်းချက် အကောင်အထည် ပေါ်လာမည် မဟုတ်ဟု နယ်သာလန် အခြေစိုက် TNI Transnational Institute အဖွဲ၏ ၂၀၁၄ အစီရင်ခံစာ၌ ဆက်လက် ထောက်ပြ ပြောဆို ထားသည်။