တပ်မတော် လက်နက်ကြီး ကျည်မှန်ကာ တပ်ကြပ်ကြီး တစ်ဦးသေဆုံး

တပ်မတော် လက်နက်ကြီး ကျည်မှန်ကာ တပ်ကြပ်ကြီး တစ်ဦးသေဆုံး
by -
မဇ္စျိမ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် ၁၆ မိုင်အကွာရှိ အမှတ် ၁၃ တပ်မတော်တန်းမြှင့် သင်တန်းကျောင်းမှ လက်နက်ကြီး ပစ်ခတ်လေ့ကျင်ရာတွင် ကျည်မှန်ကာ တပ်ကြပ်ကြီးတစ်ဦး သေဆုံးပြီး နှစ်ဦးမှာ လက်ချောင်း ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့သည်။

“လက်နက်ကြီး ကျည်ထည့်နေတဲ့အချိန်မှာ ပေါက်ကွဲသွားလို့ လက်ချောင်းတွေ ပြတ်ကုန်တယ်။ တစ်ယောက်က တံတောင်ဆစ်က ပြတ်တယ်။ စခန်းကို ပြန်ရောက်တဲ့ အချိန်မှာသေသွားတယ်" ဟု သင်တန်းကျောင်းနှင့် သုံးမိုင်အကွာရှိ ကျောက်ဖျာကျေးရွာအုပ်စု၊ တွင်းငယ်ရပ်နေ ဦးမင်းမင်းထွန်းက မဇ္စျိမကို ပြောသည်။

ယခုဖြစ်စဉ်သည် စက်တင်ဘာလ ၂၆ တွင် ဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၄ မှ အောက်တိုဘာ၅ အထိ လေ့ကျင့်ကြ မည်ဖြစ်၍ လေ့ကျင်ရေးကွင်း၏ တစ်မိုင်ပတ်လည်သို့ မည်သူမှမလာရောက်ရန် အသိပေးထားသည်ဟု ကျောက်ဖျာ အုပ်ချုပ်ရေးမှုး ဦးဇော်နိုင်က ဆိုသည်။

လေ့ကျင်ရေးကျောင်းမှ ကျည်များ ရွာသားများ၊ နွားများကို ထိမှန်နေမှုအတွက် လွှတ်တော်ကိုယ်စားလှယ်ထံ အကြောင်းကြားကာအကူအညီတောင်းခံလိုသော်လည်း ကိုယ်စားလှယ်များကိုပင် သိရှိမှု မရှိဟု ဦးမင်းမင်းထွန်း ကဆိုသည်။

သြဂုတ် ၂၃ လေ့ကျင့်မှုတွင်လည်း မွေးရာပါ မသန်စွမ်း အမျိုးသမီးငယ်တစ်ဦး၏ ဦးခေါင်းကို ကျည်ဆန်ထိ မှန်ခဲ့ဖူးပြီး၊ ခုနစ်မိုင် လေ့ကျင့်ရေး သင်တန်းအမှတ် (၂)၊ ကုတင် ၁၀၀ ဆေးရုံတွင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရသည်။

ကြိုတင်အကြောင်းမကြားဘဲ ပစ်ခတ်ခဲ့သည့် စက်တင်ဘာ၁၇ လေ့ကျင်မှုများတွင်လည်း စားကျက် လွတ်ထား သည့် နွား ရ ကောင်ကိုထိမှန်ခဲ့ပြီး နှစ်ကောင် သေဆုံးခဲ့သည်။