အပစ်အခတ်ရပ်စဲပြီးနောက် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ တိုင်းရင်းသားများ အရေးနှင့် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှု ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မစနိုင်ပါက တိုင်းရင်းသားများ၏ လက်နက်ကိုင်ပဋိပက္ခများ ချုပ် ငြိမ်းသွားမည် မဟုတ်ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
ရန်ကုန်မြို့၊ရွှေလီလမ်းတွင် ကျင်းပသည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ၊ NCCT အဖွဲ့ဝင်များနှင့် နိုင် ငံရေးပါတီများ သုံးပွင့်ဆိုင်တွေ့ဆုံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြို ဆွေးနွေးပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည် ။
“ကျွန်တော်တို့ရဲ့နိုင်ငံက နိုင်ငံရေးဆွေးနွေးမှုအရ တစ်ခါမှ မလုပ်ခဲ့ဘူး။ အခု အစိုးရလက်ထက်မှာတော့ နိုင်ငံရေးဆွေးနွေးမှု မလုပ်ရင် မဖြစ်တော့ဘူးဆိုတာကို လက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု နိုင်ဟံသာက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်လောက်ကစပြီး အစိုးရနှင့် သုံးကြိမ်ခန့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာနေရာချထားမှုများ အတိအကျ မရရှိခဲ့ဘဲ နိုင်ငံရေးဆွေး နွေးပွဲများ မလုပ်ဆောင်နိုင်ခဲ့သဖြင့် တိုင်းရင်းသားများ ယခုထိ လက်နက်ကိုင်ဆောင် နေရခြင်း ဖြစ်သည်ဟုလည်း သူက ဆိုသည်။
တိုင်းရင်းသားများအနေဖြင့် အဖွဲ့အစည်း လူတစ်စုမှ အာဏာအဆင့်ဆင့် ဆင်းသက်မှုကို နာခံနိုင်မည် မဟုတ် ဘဲ တန်းတူအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် နိုင်ငံသားများ ရသင့်ရထိုက်သည့် မွေးရာပါ အခွင့်အရေးများ ရရှိရန် လိုအပ်သည်ဟု NCCT ခေါင်းဆောင်များက မဇ္ဈိမ ကို ပြောသည်။
အဆိုပါ အခွင့်အရေးများ အားလုံးရရှိလာပါကလည်း တိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်သွား မည်မဟုတ်ဟုလည်း ဆိုသည်။
“လူချင်းအတူတူဖြစ်လို့ပါ။ လူချင်းအတူတူ ဘယ်သူမှ ဘယ်သူ့အောက်မှ မနေချင်ပါဘူး” ဟု နိုင်ဟံသာက ဆိုသည်။
နိုင်ငံရေးဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲပြီးသည့်နောက် ၆ လခန့်အကြာတွင် အကောင်အထည်ဖော်မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုထားသည်။ နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း ပြည်နယ်နှင့် တိုင်းအလိုက် ရပိုင်ခွင့်များ၊ တန်းတူ ရေးနှင့် ဒီမိုကရေစီရေးအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင် ရေးတို့ လုပ်ဆောင်နိုင်ရန် လမ်းဖွင့်ပေးမည်ဟုလည်း မတ်လ ၃၀ရက်က နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ် သမ္မတက ကတိပေးထားသေးသည်။
နိုင်ငံရေးဆွေးနွေးပွဲတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တတ်ရောက်ကာ ပြည်ထောင်စုညီလာခံသဖွယ် လုပ်ဆောင်သွားမည်ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒုဥက္ကဌ ဦးအောင်မင်းမှ အပစ်ရပ်မူကြမ်းအား အောက်တိုဘာလတွင် အပြီးသတ်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန် နိုင်ငံရေးပါတီများအား နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေး ဆွဲပေးရန် အစိုးရ ကိုယ်စားလှယ်များမှ ကမ်းလှမ်းထားပြီး အစိုးရ ကိုယ်စားလှယ်များ၊ NCCT အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီခေါင်း ဆောင်များ တွေ့ဆုံညှိနှိုင်းနေကြသည်မှာ နှစ်ကြိမ်မြောက်ရှိပြီဖြစ်သည်။