ဘုံတလာနှင့် ကီမိုမွန်တို ့ကို နိုင်ငံခြားခရီး သွားများလေ့လာ ခွင့်ပြုရန် တောင်းဆို

ဘုံတလာနှင့် ကီမိုမွန်တို ့ကို နိုင်ငံခြားခရီး သွားများလေ့လာ ခွင့်ပြုရန် တောင်းဆို
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်ရှိ ဘုံတလာ ရေတံခွန်နှင့် ပလက်ဝမြို ့ နယ်ရှိကီမိုမွန် (ခ) ကျောက်ပန်းတောင် အား နိုင်ငံခြား ခရီးသွားများ လေ့လာခွင့် ပိတ်ပင်ထားသည်ကို ပြန်လည် ခွင့်ပြုရန်  ချင်းပြည်နယ် သစ်တောနှင့် သတ္တု ၀န်ကြီးဌာန ဦးကျော်ငြိမ်း က ပြည်ထောင်စု အစိုးရ ထံ တောင်းဆိုထားသည် ဟု သိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ ့က မင်းတပ်မြို ့တွင် ချင်းပြည်နယ် အစိုးရ အဖွဲ့နှင့် နီပေါနိုင်ငံ အခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခု ဖြစ်သော International Centre for Integrated Mountain Development (ICI-MOD) တို့ သဘာဝ ခရီးသွား လာရေး ဖွံ့ဖြိုးရေးဆိုင်ရာ  ဆွေးနွေးပွဲ အကျိုးဆက်ကြောင့် တောင်းဆိုထားတာဖြစ်ကြောင်း  ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်း၏ ပြောကြားချက်ကို ပြည်တွင်းထုတ် The Messenger News Journal တွင် ကိုးကားဖေါ်ပြထားသည်။

DSC 1366

၂၀၀၁ ခုနှစ် ဧပြီလ (၁၈) ရက်စွဲဖြင့် မြန်မာနိုင်ငံသစ်တောရေးရာ ဝန်ကြီးဌာန၏  ကြော်ငြာချက် အမှတ် (၂၇/၂၀၀၁) ဖြင့် အကျယ်အဝန်း ဧရိယာ ၅၁ ဒသမ ၂ စတုရန်းမိုင်ရှိသည့် ကီမိုမွန် (ခ) ကျောက်ပန်းတောင် အား တောရိုင်း တိရစ္ဆာန် သဘာဝ ဘေးမဲ့တောနယ်မြေအဖြစ် သတ်မှတ် ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်ခဲ့ သည်။

သဘာဝသစ်တောနှင့် ပန်းမျိုးစုံ၊ တောတိရိစ္ဆာန်နှင့် ငှက်မျိုးစုံ နေထိုင်ကျက်စားသည့် ပလက်ဝမြို့နယ် မှ အရှေ့ဘက် မိုင် ၂၀ ခန့်တွင် တည်ရှိသော ကီမိုမွန်တောင် နှင့် အနီးပတ်ဝန်းကျင်ကို ဘေးမဲ့တော အဖြစ် သတ်မှတ်ထား သော် လည်း အမဲလိုက်ခြင်း၊ တော မီးလောင်ခြင်းကို တားမြစ် ထိန်း သိမ်းနိုင်ခြင်း မရှိပေ။

အလားတူ မတူပီမြို့မှ (၁၄) မိုင်ခန့်ဝေးသည့် ဘုံတလာရေတံခွန် နှင့် အနီးပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြီး နိုင်ငံခြား ခရီးသွား များ လေ့လာသွားရောက် ခွင့်ပြုပါက နိုင်ငံခြား ၀င်ငွေများ ရရှိမည့် အပြင် သဘာဝ ပတ်ဝန်းကျင်အား  ထိန်း သိမ်းရာရောက်ကြောင်း၊ သစ်တောရေးရာ ၀န်ကြီး ၏ တောင်းဆိုချက်အား ဒေသခံများအနေဖြင့် အားပေး ထောက် ခံကြကြောင်း သိရသည်။

မြန်မာအစိုးရ အဆက်ဆက်သည် မတူပီနှင့် ပလက်ဝမြို ့နယ်များ၌ နိုင်ငံခြားသားများ သွားလာခွင့် အား ဒေသလုံခြုံ ရေးကို အကြောင်းပြပြီး ပိတ်ပင်ထားခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်တွင် မူ ဒေသခံ ပြည်နယ်ဝန်ကြီး၏ တင်ပြ တောင်းဆိုချက်ကို  ခြောက်လအတွင်း အကြောင်းပြန် ကြား မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ချင်းပြည်နယ်တွင် နိုင်ငံခြားသားများ တည်းခိုနိုင်သည့် ဟိုတယ်မှာ မင်းတပ်မြို ့တွင် တစ်လုံး၊ ကန်ပက်လက် မြို့တွင် (၃)လုံး၊ ရိဒ်မြို့သစ်တွင် ပြည်ထောင်စုအစိုးရမှ တည်ဆောက်သည့် ဟိုတယ် တစ်လုံး စုစု ပေါင်း (၅) လုံးသာရှိသေး ကြောင်းလည်း The Messenger သတင်းစာက ဖေါ်ပြ ထားသည်။

ချင်းပြည်နယ်တွင် နိုင်ငံခြားခရီးသွား အများဆုံးနေရာသည် ခိုနုမ်းသုန် (ခ) နတ်မတောင်ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ကုန်အထိ (၁၆၂) ဦးရှိကြောင်း၊ ရိဒ်ရေကန်လေ့လာသူ အနည်းအကျဉ်းရှိပြီး အထူးသဖြင့် တဖက် အိန္ဒိယနိုင်ငံ နယ်စပ် မီဇိုရမ်ပြည်နယ်သား များဖြစ်ကြောင်း  သိရသည်။