လေးတန်းအောင် စာမတတ်သူများရှိဟု သမ္မတသုံးသပ်

လေးတန်းအောင် စာမတတ်သူများရှိဟု သမ္မတသုံးသပ်
by -
မဇ္စျိမ

လေးတန်း(စတုတ္ထတန်း) အောင်သော်လည်း စာမဖတ်တတ်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်နေသည့်အတွက် သင်ခန်းစာပိုင်နိုင်သည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးရန် လိုအပ်သည်ဟု စက်တင်ဘာ ၂၁ ရက်က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်မှာကြားလိုက်သည်ဟု ပညာရေး မြှင့်တင်မှုကော်မတီ နာယက ဦးသန်းဦးက ပြောသည်။

“အစိုးရတာဝန်ရှိသူ အသီးသီးက အခြေခံအုတ်မြစ် မကောင်းရင် ပညာရေးက ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ သိရှိလာကြပြီး ပြောင်းလဲရေး ထိရောက်ဖို့မှာ ကြားလာကြပြီ ဖြစ်ပါတယ်။ သမ္မတကြီးက လက်ရှိမှာ နေ့စား လပေးတွေ ခန့်အပ်နေသော်လည်း ထိရောက်မှုမရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။ လေးတန်း အောင်နဲ့ညီမျှတဲ့ အဆင့်မျိုးရှိအောင် ၀ိုင်းဝန်းကြိုးပမ်းဖို့ လိုနေပါပြီ” ဟု ၎င်းက ပြောသည်။

Students

အဆိုပါပြောကြားချက်ကို ရန်ကုန်မြို့ စက်တင်ဘာ ၂၃ ရက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ်သော ဆရာအတတ် ပညာဖွံ့ဖြိုးရေးဆွေးနွေးပွဲတွင် ပြောသည်။

နိုင်ငံတော်သမ္မတက လက်ရှိတွင် အခြေခံပညာအဆင့် စတုတ္တတန်းအောင်မြင်သည့် ကလေးများ စာရေး၊ စာဖတ်တွင် ကောင်းစွာ ဖတ်တတ်ခြင်းမရှိကြောင်း၊ ပညာရေး၏ အခြေခံအုတ်မြစ် တည်ဆောက်ရာတွင် အခြေခံအဆင့်သည်များစွာ အရေးပါကြောင်း၊ ပိုင်နိုင်စွာ သင်ကြားနိုင်သည့်ဆရာ၊ ဆရာမများစွာ မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ အခြေခံအုတ်မြစ် မတည်ဆောက်နိုင်ပါက ပညာရေး ပြောင်းလဲသော်လည်း ထိရောက်မည် မဟုတ်ခြင်းကြောင့် ဆရာ၊ ဆရာမများစွာ မွေးထုတ်ပေးရန် လိုသည်ဟု မှာကြားသည်ဟု ဦးသန်းဦးကဆိုသည်။

ပညာရေးကောလိပ်များတွင် ဆရာ၊ ဆရာမများစွာ မွေးထုတ်ပေးနိုင်ရန် ပညာရေး ကောလိပ်များတွင် ၂၀၁၅-၁၆ ခုနှစ် ပညာသင်နှစ်တွင် လေးနှစ်သတ်မှတ်ထားသည့်အတွက် အရည်အချင်းရှိသော ဆရာ၊ ဆရာမများစွာ မွေးထုတ်ပေးနိုင်ကြောင်း၊ လေးနှစ် ပညာသင်နှစ်အတွက် သင်ရိုးများ၊ သင်ယူမှု ပုံစံများ အစရှိသည်တို့ကို စနစ်တကျ ပြုစုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်သမ္မတက အမျိုးသားပညာရေး ဥပဒေကြမ်းအပေါ် မှတ်ချက်ပြုထားသည့် ၂၅ ချက်တွင် မသင်မနေရ မူလတန်းပညာရေး အကောင်ထည်ဖော်ရန် ညွန်ကြားထားသည်ဟုလည်း ဦးသန်းဦးက ပြောကြား ခဲ့သည်။

အခြေခံပညာ အဆင့်မြှင့်တင်ရာတွင် ဆရာ၊ ဆရာများ၏ အရည်အသွေး မြင့်မားစေရန် ပညာရေးကောလိပ် များက ပညာသင်နှစ်ကို ၂၀၁၅-၁၆ ပညာသင်နှစ်မှစ၍ နှစ်နှစ် ထပ်မံတိုးမြှင့်မည်ဖြစ်သည်။

ရန်ကင်းပညာရေးကောလိပ်၊ မကွေး ပညာရေးကောလိပ် ကျောင်းအုပ်ဆရာကြီး ဦးအောင်ဘသိန်းက “ပညာရေးကဏ္ဍဖွံ့ဖြိုး ဖို့ဆိုရင် ဆရာတွေက အဓိကဖြစ်တယ်။ စနစ်တစ်ခု ပြောင်းလဲတဲ့အခါ ကျောင်းတွေရဲ့ လိုအပ်ချက်ကို အရင်ကြည့်ရတယ်။ သင်ရိုးတင် ကောင်းမွန်နေလို့လည်းမရဘူး။ ဆရာတွေရဲ့ ကြိုးစားအား ထုတ်မှုက အဓိက အရေးကြီးနေပါတယ်” ဟု ပြောသည်။

လက်ရှိပညာရေးကောလိပ် ၂၁ ခုတွင် နှစ်စဉ်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ ၈,၀၀၀ ခန့် တက်ရောက်နေကြကြောင်း၊ ဆရာများစွာ လက်ရှိတွင်အခြေခံ အဆင့်ဆရာ၊ ကျောင်းသားအချိုး ကွာဟနေခြင်း ကို ဖြည့်ဆည်းရန် တက္ကသိုလ်နှင့် ကောလိပ်များမှ သတ်မှတ်ထားချက်အတိုင်း ပိုမိုဝင်ခွင့်ပြုရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Most read this week