အဂတိလိုက်စားမှုဖြင့် ရလာသည့် ငွေကြေးနှင့် ပစ္စည်းများ ပြည်သူပိုင်သိမ်းနိုင်ရန် နည်းဥပဒေဆွဲနေ

အဂတိလိုက်စားမှုဖြင့် ရလာသည့် ငွေကြေးနှင့် ပစ္စည်းများ ပြည်သူပိုင်သိမ်းနိုင်ရန် နည်းဥပဒေဆွဲနေ
by -
မဇ္စျိမ

အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိလာသည့်ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူပိုင် သိမ်းဆည်းနိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နည်းဥပဒေကို ရေးဆွဲနေပြီဟု ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက စက်တင်ဘာ ၂၃ ရက်က ပြည်သူ့လွှတ်တော်၌ ပြောကြားခဲ့သည်။

ပထမအကြိမ်၊ ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမမြောက်ရက်တွင် သင်္ကန်ကျွန်းမြို့ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ မေးခွန်းကိုဖြေကြားရာတွင်  ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ဖွဲ့စည်းသည့် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၀ ရက် နောက်ပိုင်းတွင် ကော်မရှင်အဖွဲ့ဝင်များ၊ ဥပဒေပညာရှင်များ စုပေါင်း၍ နည်းဥပဒေကိုရေးဆွဲကာ သြဂုတ်လ ၈ ရက်က ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပို့ခဲ့သည်ဟု ဆိုသည်။

ဦးမြဝင်း က "အဲဒီပြဌာန်းချက်အပေါ်မူတည်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး နည်းဥပဒေ(မူကြမ်း)မှာလည်း ထည့်သွင်းရေးဆွဲထားပါတယ်’’ ဟု ပြောသည်။

လာဘ်ပေးလာဘ်ယူမှုများကို တိုင်ကြားရာတွင် တိကျသော သက်သေအထောက်အထားများဖြင့် တိုင်ကြား ရမည်ဟု ဥပဒေပါရှိသည့်အတွက် အချို့သော လာဘ်ပေး လာဘ်ယူမှုများကို တိကျသော သက်သေ အထောက်အထားရရှိရန် မလွယ်ကူသည့်အတွက် သွယ်ဝိုက်သော သက်သေအထောက်အထားများဖြင့် တိုင်ကြားနိုင်အောင် နည်းဥပဒေမူကြမ်းတွင် ထည့်သွင်းသင့်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြောသည်။

ထို့ပြင် တိုင်ကြားသူများကို လုံလောက်သော အကာအကွယ်ပေးမှုကို အထူးအလေးထား ဆောင်ရွက်ပေး ရန်ကိုလည်း နည်းဥပဒေတွင် ပါဝင်အောင်ရေးဆွဲရမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးသိန်းညွှန့် က တိုက်တွန်းခဲ့သည်။

Most read this week