မြို့နယ် အသီးသီးရှိ လူဝင်မှု ကြီးကြပ်ရေး (လဝက) ရုံးတွင် ထုတ်ပြန် ကြေငြာ ထားသည့် အတိုင်းထောက်ခံ စာနှင့် စာရွက်စာ တမ်း အပြည့်အစုံ ပါရှိပါက နိုင်ငံသား တစ်ဦး မှတ်ပုံတင် လုပ်ခမှာ ၆ ကျပ်မှ ၁၀ ကျပ် အတွင်းသာ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ် ရေးဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက တရားဝင် ဖြေကြား လိုက်သည်။
လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်တင်၏ လွှတ်တော်အတွင်း မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း ကို ပြည်ထောင်စုဝန်ကြီးက စာဖြင့်သာ ပြန်လည်ဖြေကြားပေးပို့ရာတွင် ထိုကဲ့သို့ပါရှိသည်။
“ ဟုတ်တယ် ဝန်ကြီးကလည်း အဲလိုဖြေတယ်။ လဝက ရုံးတွေမှာလည်း မှတ်ပုံတင်လုပ်ခ ၆ ကျပ် သက်တမ်းတိုးခ ၃ ကျပ် ပျောက်ဆုံးပျက်စီးပါက ပြန်လုပ်ဖို့ဆိုရင် ၁၀ ကျပ် ပေးရမယ်ဆိုတာတွေပါရှိတယ်။ တကယ်တမ်းကျတော့ လုံးဝ မဟုတ် ပါဘူး။ နိုင်ငံရေးပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ ကျောင်းသားတွေတောင်မှ မှတ်ပုံတင်လဲလှယ်တာလုပ်ရင် ၅ သောင်း တောင်းခံရတယ်။ အဲဒါကိုကျနော်က လွှတ်တော်မှာတင်ပြတော့ ဝန်ကြီးရဲ့ဖြေကြားစာထဲမှာ အကျင့်ပျက် ဝန်ထမ်းတွေကို သက်သေအထောက်အထား နှင့်တကွ လာတိုင်ကြားရင် ထိရောက်စွာ အရေးယူမယ်လို့ ပါရှိပါတယ်” ဟု သျှမ်းသံတော်ဆင့်၏မေးမြန်းချက် အား စိုင်းမောင်တင်က ပြန်လည်ဖြေကြားခဲ့သည်။
အမြန်လိုအပ်ပါက ကျပ်ငွေ ၃ သိန်းအထိပေးရသူများလည်းရှိကြောင်း လဲချားဒေသခံ နန်းအေခမ်း ကပြော သည်။
၎င်းနှင့်ပတ်သက်၍ စိုင်းမောင်တင်က “ ကျပ်ငွေ ၅ သောင်းဆိုတာ ပိုက်ဆံချမ်းသာသူတွေ အတွက် အခက်အခဲ မဟုတ်ပေမယ့် တောင်သူလယ်သမားတွေအတွက်တော့ တကယ့်ကို အခက်အခဲဖြစ်စေပါတယ်။ နိုင်ငံသား တယောက်က မှတ်ပုံတင် လာလုပ်တာကို ဝန်ထမ်း တွေက အဲလိုအဆမတန်ပိုက်ဆံတောင်းတာတော့ မဖြစ်သင့်ပါဘူး။ လဲချားမှာတင်မကပါဘူး တခြားသောမြို့နယ်တွေမှာလည်း နိုင်ငံသားစစ်စစ်က နိုင်ငံသား မဟုတ်တဲ့ လူတွေထက် မှတ်ပုံတင်လုပ်ရခက်နေတာကို တွေ့ရပါတယ်။ အဲတာကို စစ်ဆေးအရေးယူပေးဖို့ လိုပါတယ်” ဟု ပြောဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲလည်း နီးကပ်လာသည်နှင့်အညီ သျှမ်းပြည်သားတိုင်း၊ နိုင်ငံသားတိုင်း မဲထည့်ခွင့်ရရှိရေး အတွက် နိုင်ငံသားကတ် (သို့) မှတ်ပုံတင်ရှိရန် လိုအပ်နေသည်ဖြစ်ရာ ပြည်ပသို့ အသီးသီးရောက်ရှိနေသော သျှမ်းပြည်သားတိုင်း မှတ်ပုံတင်ပြုလုပ်ရန် အချိန်တန်ပြီဖြစ်ကြောင်းလည်း စိုင်းမောင်တင်က ပြောဆိုသည်။
“ နိုင်ငံသားတစ်ယောက်က မှတ်ပုံတင်မရှိဘူးဆိုရင် နိုင်ငံမဲ့တဲ့လူ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့်မှတ်ပုံတင်ရှိဖို့ အတွက် အားစိုက် ကြဖို့ တိုက်တွန်းချင်ပါတယ်။ ရပ်ရွာပြန်ပြီးမှတ်ပုံတင်လုပ်တဲ့သူတွေလည်း တကယ်လို့မှတ်ပုံ တင်လုပ်ရခက်မယ် ငွေအဆမ တန်တောင်းခံရတယ်ဆိုရင် နီးစပ်ရာ ပြည်သူ့ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီ ဝင်တွေကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းကြပါလို့ တိုက်တွန်းလိုပါတယ် ” ဟုလည်း ပြောဆိုသည်။
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်တင်က ပြီးခဲ့သည့် ဂျွန်လက ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်း တင်သွင်းရာ ပြည်ထောင်စုဝန်ကြီး လဝက ဝန်ကြီး ဦးခင်ရီက ဂျွန်လကုန်ပိုင်းမှ ဖြေကြားချက် ကို စာစောင်ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ လွှတ်တော်တွင်း၌ ဖြေကြားခြင်းမရှိဘဲ စာဖြင့်သာ အကြောင်းပြန်ဖြေကြားခြင်း အပေါ်တွင်လည်း ကျေနပ်အားရမှု မရှိခဲ့ကြောင်း၊ လွှတ်တော်အတွင်း ဖြေကြားခြင်းက ပိုမိုထိရောက်ကြောင်း စိုင်းမောင်တင် အပါအဝင် လွှတ်တော်ကိုယ်စား လှယ်များက ပြောဆိုနေကြသည်။