ကားမိုင်းမြို့နယ်ခွဲ KIO/KIA အဖွဲ့ဝင် ၃ ဦးကို အစိုးရတပ် ဖမ်းဆီး

ကားမိုင်းမြို့နယ်ခွဲ KIO/KIA အဖွဲ့ဝင် ၃ ဦးကို အစိုးရတပ် ဖမ်းဆီး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် အနောက်ဘက် ကားမိုင်းမြို့နယ်ခွဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဂေါင်ရီ တိုက်နယ် (Gau Ri Ninghtawn) ဒု-အုပ်ချုပ်ရေးမှူး မရန်လခေါင် (Maran La Hkawng)နှင့် တပ်သား ၂ ဦးအား ကားမိုင်းဗျူဟာကုန်း အစိုးရတပ်မှ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ကားမိုင်းမြို့နယ် ဂေါင်ရီတိုက်နယ် ဒုအုပ်ချုပ်ရေးမှူး မရန်လခေါင်၊ မန်ရှန် ယိန်းဘောမ် (Mangshang Ying Bawm) နှင့် နော်ဆိုင်း တို့ကို စက်တင်ဘာလ ၂၀ ရက်နေ့က ထွယ်ဆန်ယန် (Htoi San Yang) တွင် အစိုးရတပ်ရင်း ၁၁ မှ ကားမိုင်းဗျူဟာကုန်းသို့ ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ကားမိုင်းဒေသခံ အမည်မဖော်လိုသူ တစ်ဦးပြောသည်။

Burma-army-LID-66-soldiers-Hpakant-jade-mine

“သူတို့ ၂ ယောက်ဆီမှာ တခြားပစ္စည်းဘာမှတော့ မပါဘူးတဲ့။ ကျွန်တော်တို့ ကားမိုင်းမှာက ငါးရှဉ့် ဖမ်းစားတဲ့သူတွေရှိတယ်။ အဲဒီငါးရှဉ့် ဖမ်းတဲ့သူတွေဆီကနေ အခွန်ကောက်နေ တဲ့အချိန် ဖမ်းလိုက်တယ်လို့ ကြားတယ်။ အရာရှိဆီမှာတော့ ငွေကျပ် ၁ သောင်းကျော် လောက်ပဲ ပါတယ်လို့ ကြားပါတယ်” ဟု ပြောသည်။

အစိုးရတပ် တပ်မ ၆၆ အောက် ခလရ (၁၁) မှ ဗိုလ်မှူးကြီး (G3)သန့်စင်အောင်၊ စရဖမှ အောင်ခိုင်ဖြိုးနှင့် ထောက်ပို့မှ ကျော်စွာအောင်တို့ စုစုပေါင်း ၁၁ ယောက်သည် စစ်ဝတ်စုံဖြင့်သေနတ်တို ၁ ချက် ဖောက်ကာ ၀ုိင်းရံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိတစ်ဦး ကချင်သတင်းဌာနသို့ အတည်ပြုပြောဆိုခဲ့သည်။

ကားမိုင်းမြို့နယ် ဂေါင်ရီတိုက်နယ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၆ တပ်ခွဲ ၁ နယ်မြေလည်း ဖြစ်ပြီး ၎င်းတို့အား မည်သည့်ပြစ်မှုဖြင့် ဖမ်းဆီးလိုက်သည်ကိို သေချာစွာမသိရသေးကြောင်း၊ ဒေသခံများက ငါးရှဉ့်ဖမ်းတံငါသည်များထံမှ အခွန်ကောက်ခံမှုကြောင့်ဟုသာ ယူဆထားကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်၍ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက “အစိုးရတပ်မှ KIA ဒု-အုပ်ချုပ်ရေးမှူး တို့အား ဖမ်းဆီးခြင်းကိုသာ ကြားသိရကြောင်း၊ အဘယ့်ကြောင့် ဖမ်းဆီးခြင်းကို မသိရသေးကြောင်း၊ ချုပ်နှောင်ထားဆဲဖြစ်ကြောင်း” ဟု ကချင်သတင်းဌာန သို့ပြောဆိုခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)သည် ကချင်ပြည်နယ်အတွင်း ၎င်းတို့အုပ်ချုပ်နယ်မြေများတွင် အခွန်အကောက်များကိုလုပ်ဆောင်သည်မှာ တရားဝင်ဖြစ်ကြောင်း၊ အစိုးရဖက်မှ ထိုသို့ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးထားသော KIA အဖွဲ့ဝင်များကိုလွှတ်ပေးရန် ညှိနှိုင်းမှုလုပ်ခဲ့သော်လည်း ပြေလည်မှုမရခဲ့ကြောင်း KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့မှ ဒု-ဗိုလ်မှူးကြီး နော်ဘူ ပြောသည်။

ဒု-ဗိုလ်မှူးကြီး နော်ဘူက “ဖမ်းဆီးထားတဲ့ KIO အဖွဲ့ဝင်တွေကိစ္စ ပြန်လွှတ်ဖို့အတွက် ကျနော်တို့ အစည်းအဝေးတွေမှာလည်းပြောဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဖက်က အမှုလွှဲဆိုတာမျိုးလုပ်တဲ့အခါကျတော့ KIO အဖွဲ့ဝင်အနေနဲ့ ဖမ်းတာမျိုး မဟုတ်ပဲ မူးယစ်ဆေးဝါးအမှုတို့ ဘာတို့ ဖြစ်သွားတော့ မလွှတ်ပေးတော့ဘူး” ဟု ပြောသည်။

ယခုဖမ်းဆီးမှုသည် အစိုးရတပ်ကားမိုင်းဗျူဟာကုန်းညွှန်ကြားချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် ယခုချိန် အခြား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အဖွဲ့ဝင်များလည်းတိမ်းရှောင်နေရကြောင်း သိရှိရသည်။

တဖက်တွင်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆဋ္ဌမ အကြိမ်မြောက် ဆွေးနွေးမှု ပြုလုပ်နေချိန် ထိုသို့ KIA အဖွဲ့ဝင်များအား ဖမ်းဆီးမှုများ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

Most read this week