စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရန် လားရှိုးမြို့နယ်တွင် သျှမ်းလူငယ်အဖွဲ့ ဖွဲ့စည်း

စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရန် လားရှိုးမြို့နယ်တွင် သျှမ်းလူငယ်အဖွဲ့ ဖွဲ့စည်း
by -
သျှမ်းသံတော်ဆင့်

လူငယ်ထု ရင်ဆိုင် နေရသော စိန်ခေါ်မှုများကို ဖြေရှင်း နိုင်ရန် အတွက် သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာအုပ်စု သျှမ်းလူငယ် တွေ့ဆုံပွဲမှ လူငယ် အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရှိရသည်။

မိုင်းယော်ကျေးရွာအုပ်စု လူငယ်တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့က မန့်စန်းရွာ မွေတော်ကျောင်းတိုက် တွင် ကျင်းပရာ မိုင်းယော်အုပ်စု၊ မိုင်းယန်းအုပ်စု၊ မိုင်းဟက်အုပ်စု၊ ပန်ထိုလင်ရွာ၊ ကွန်ဖြူကျေးရွာတို့မှ လူငယ် ၄၅၀ ကျော် တက်ရောက်ခဲ့သည်။

youth gathering

“လူငယ်တွေ တွေ့ကြုံနေရတဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို ဖြေရှင်းဖို့၊ လူငယ်အရည်အချင်း မြှင့် တင်ရေးလုပ်ငန်း လုပ်ဆောင်ဖို့ မိုင်းယော်လူငယ်အဖွဲ့ကို ဖွဲ့စည်းရတာ ဖြစ်ပါတယ်။ တက်ရောက် လာတဲ့ လူငယ်တွေရဲ့ ဆန္ဒသဘောထားနဲ့ပေါ့။ အလုပ်အမှုဆောင်အဖွဲ့ကိုတော့ လူငယ် ၂၇ ဦးနဲ့ ဖွဲ့စည်းလိုက်တယ်” ဟု တွေ့ဆုံပွဲသို့ သွားရောက်ကူညီခဲ့သည့် Tai Youth Network မှ စိုင်းဝမ်းလှိုင်း က ပြောသည်။

သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှလူငယ်များ၊ ဝုန်းမေတ္တာအဖွဲ့၊ မိုင်းယော်တိုက်နယ် သျှမ်းစာပေ သင်ကြား ရေးမှ ဆရာ/မများကစုပေါင်းကာ တွေ့ဆုံပွဲဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းပြီး မိုင်းယော် ကျေးရွာအုပ်စု သျှမ်းလူငယ်တွေ့ဆုံပွဲကို ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ခေတ် မိုင်းယော်ဒေသမှာ မူးယစ်ဆေးဝါးတွေ အရမ်းပျံ့နှံ့နေပြီ။ လူငယ်တော်တော် များများလည်း မူးယစ်ဆေးဝါးသားကောင်တွေ ဖြစ်နေကြပြီ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ပညာရေးဘက်မှာ လျော့ပါးနေတာ၊ ယုံကြည်ကိုးကွယ်မှုတွေမှာ မှားယွင်းနေတာတွေလည်း ရှိနေ ပါသေးတယ်။ ဘာသာရေး ပွဲတွေလည်း အများအပြားရှိ နေတယ်။ ပွဲတော်တွေမှာ လောင်းကစား တွေများသလို မူးယစ်ဆေးဝါးသုံးစွဲကြ တာလည်း များတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ လူငယ် တွေ တွေ့ဆုံအဖြေရှာသင့်တယ်လို့ လူမှုရေးလှုပ်ရှားနေတဲ့လူငယ်တွေက မြင်တယ်။ ဒါကြောင့် လူငယ်တွေ့ဆုံပွဲ လုပ်ရတာပါ” ဟု စိုင်းဝမ်းလှိုင်းက ပြောသည်။

တွေ့ဆုံပွဲ၌ လူငယ်များက မူးယစ်ဆေးဝါးပြဿနာကို တက်တက်ကြွကြွ ရဲရဲရင့်ရင့် ဆွေးနွေး သကဲ့သို့  ယနေ့လူငယ်များ တွေ့ကြုံနေရသည့် အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

“ကျနော်တို့ဒေသမှာ ဒီလိုတွေ့ဆုံဆွေးနွေးပွဲဆိုတာ မရှိဖူးဘူး။ တက်ရောက်ရတဲ့အတွက် လည်း ဝမ်းသာတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုကနေ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင် မယ်လို့ ယုံကြည်တယ်” ဟု တွေ့ဆုံပွဲတက်ရောက်သည့် လူငယ်တစ်ဦးကလည်း ပြောသည်။

မိုင်းယော်ကျေးရွာအုပ်စုသည် လားရှိုးမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ၌ တည်ရှိသည်။