သံဃာတော်များက ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်း၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်းကာ ဒီမိုကရေစီအရေးနှင့် နိုင်ငံရေးများတွင် ဆက်လက်ပါဝင်လှုပ်ရှားသွားမည်ဟု ရွှေဝါရောင် နှစ်ပတ်လည်ဖြစ် မြောက်ရေး ကော်မတီမှ ဆရာတော် ဦးစန္ဒာသီရိက ရွှေဝါရောင်တော်လှန်ရေး ခုနစ်နှစ်ပြည့် အခမ်းအနားတွင် မိန့်ကြားလိုက်သည်။
ငြိမ်းချမ်းရေး အမြန်ဆောင်ရွက်နိုင်ရေး၊ ဒီမိုကရေစီ ကြိုးပမ်းနေစဉ်ကာလတွင် ပါဝင်ခြင်းနှင့် နိုင်ငံရေးအရ လိုအပ်လာသည့် နေရာများတွင်ပါ၀င်နိုင်ရန် ဒီမိုကရေစီရေး၊ နိုင်ငံ့အရေး တက်ကြွလှုပ်ရှားနေသူများနှင့် ပူးပေါင်းနိုင်ရန်လည်း စတင်ဆောင်ရွက်သွားတော့မည်ဟု ဦးစန္ဒာသီရိက မိန့်သည်။
အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းရန် ရည်ရွယ်ရခြင်းမှာ “တစ်စုတစ်ဖွဲ့တည်း ဆောင်ရွက်လျှင် နိုင်ငံရေး တွင်မအောင်မြင်” ဟူသည့် ဆောင်ပုဒ်ကို ကိုင်စွဲထားခြင်းကြောင့်ဟု ဦးစန္ဒာသီရက မိန့်သည်။
အုပ်ချုပ်သူများက မဖြေရှင်းနိုင်သည့် နိုင်ငံရေးအကျပ်အတည်းများ ရင်ဆိုင်နေရပါက ပဋိပက္ခဖန်တီးကာ ပြည်သူလူထုများအား အာရုံလွှဲနေကြပြီး ဓမ္မစေတီခေါင်း လောင်းကိစ္စမှာလည်း ထိုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်ဟုလည်းဆိုသည်။
နိုင်ငံရေးအကျပ်အတည်းများ ကြားတွင် လူထုအား အာရုံလွှဲရန် လူမျိုးရေး၊ ဘာသာရေးမုန်းတီးရေး ၀ါဒဖြန့် မှုများနှင့် ပဋိပက္ခများ ဖန်တီးခဲ့သော်လည်း သံဃာတော်များက ဝါဒဖြန့်မှုများတွင် လူထုမပါဝင်စေရန် ဘာသာပေါင်းစုံနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ကိုလည်း အသိအမှတ်ပြု သည်ဟု အခမ်းအနားတက် ရောက်လာသူ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ဆိုသည်။
“သံဃာတော်တွေအပေါ်မှာ အနိုင်ကျင့် အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်တွေအပေါ်မှာ သက်ဆိုင်ရာသူတွေက တောင်းပန်ခဲ့ရင် ကျေအေးဖို့ မေးခွန်းတွေရှိနေတုန်းပါပဲ။ ဒါပေမဲ့ ပြုခဲ့တဲ့သူတွေက ကျကျနနဝန်ခံဖို့ လိုပါတယ်။ ကျေအေးတာက တစ်ကြောင်း အဓိကက တောင်းပန်ဖို့လိုတယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။
ရွှေဝါရောင်တော်လှန်ရေး ခုနစ်နှစ်ပြည့် အခမ်းအနားသို့ ဦးစီးလုပ်ဆောင်သည့် သံဃာတော်များမှာ ပြည် သူများ စီးပွားရေး အကျပ်အတည်း၊ နိုင်ငံရေးအကျပ်အတည်း များနှင့်အတူ ကုန်စျေးနှုန်းများ မြင့်တက်ခဲ့ သည့် ၂၀၀၇ ခုနှစ်တွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့သည့်သံဃာတော်များဖြစ်သည်။
ရွှေဝါရောင်တော်လှန်ရေးတွင် မြန်မာတစ်နိုင်ငံလုံးရှိ သံဃာတော် ထောင်ပေါင်းများစွာလမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး သံဃာတော်အချို့မှာ စစ်တပ်၏လမ်းပေါ်တွင် နှိပ်စက်ခံရပြီးအချို့မှာ အကျဉ်းထောင်တွင်း ထိန်း သိမ်းခံခဲ့ရသည်။
ထို့ပြင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် သံဃာတော်များ သီတင်းသုံးရာ ကျောင်းတိုက်များသို့ ညဘက်တွင် စစ်တပ်က ဝင်ရောက် စီးနင်းကာ သံဃာတော်များကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် သံဃာတော်များ ပျံလွန်မှုများ ရှိခဲ့သကဲ့သို့ ပျောက်ဆုံးမှုများကိုလည်း ယနေ့ထိ အရေအတွက် အတိအကျ မသိရသေး ပေ။
စက်တင်ဘာ ၁၈ ရက် ကျင်းပသည့် ရွှေဝါရောင်အခမ်းအနားတွင် သံဃအရေး အရာကိစ္စရပ်များကို အဆုံး အဖြတ်ပေးသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှာလည်း ဗဟိုစနစ်နှင့်ချုပ်ကိုင်ထားပြီး အစိုးရ၏ ချုပ် ကိုင်မှုများရှိနေပြီး သံဃာတော်တို့အား ဖိနှိပ်ချုပ်ချယ်မှုများလည်း ရှိနေသဖြင့် သံဃမဟာနာယကအဖွဲ့အား ခေတ်စနစ် နှင့်အညီ ပြန်လည်ဖွဲ့စည်းပေးရန် တောင်းဆိုမှုများ လုပ်ဆောင်သွားမည်ဟုဆိုကာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် ရဟန်းသံဃာများ၏ ကျောင်းတိုက်များအား အဓမ္မသိမ်းဆည်းခြင်း၊ နိုင်ငံတော် သံဃယကအဆင့်မှစ၍ သံဃာအဖွဲ့အစည်း အဆင့်ဆင့်တို့အား ပြန်လည်ဖွဲ့စည်းပေးရန်တို့ ပါ၀င်သည်။