လာမည့်နှစ်မှစ၍ ကျေးရွာအုပ်ချူပ်ရေးမှူးများကို ပြည်သူတို့ကိုယ်တိုင် မဲပေး ရွေးချယ်ခွင့်ရရန် ရပ်ကွက် သို့မဟုက် ကျေးရွာ အုပ်စုအုပ်ချူပ်ရေး ဥပဒေကို ပြန်လည်ပြင်ဆင်ရေး ဆွေးနွေးသွားရန် အမျိုးသား လွှတ်တော်က စက်တင်ဘာ ၁၈ရက်တွင် အတည်ပြုဆုံးဖြတ်လိုက်သည်။
“အုပ်ချူပ်ရေးနဲ့ပတ်သက်လို့ ရပ်ရွာအုပ်ချူပ်ရေးနဲ့ ပတ်သက်လို့ ပြည်သူက ရွေးပါလို့ နိုင်ငံတော်ဖွဲ့စည်းပုံ ဥပဒေမှာ ပြဌာန်းထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီလိုပြဌာန်းရင် ဒီလိုလုပ်ရမှာပေါ့နော် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရပ်ရွာက ရွေးရမယ်ဆိုပေမယ့် ရပ်ရွာမှာ ဆယ်ယောက်မှာ ကိုးယောက်က မရွေးနိုင်ဘဲ ကိုယ်စားလှယ်က ရွေးနေသလိုဖြစ်နေတယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း အဆိုတင်သွင်းခြင်းနှင့် ပတ်သက်၍ ပြောသည်။
လက်ရှိ ရပ်ကွက် သို့မဟုက် ကျေးရွာအုပ်စု အုပ်ချူပ်ရေးဥပဒေအရ ဆယ်အိမ်စုလျှင် တစ်ဦးသာ ရပ်ကွက်အုပ် ချူပ်ရေးမှူးကို လျို့ဝှက်ရွေးချယ်တင်မြှောက်နိုင်သည့်အစား ပြည်သူတို့ စိတ်ကြိုက် အုပ်ချုပ်ရေးမှူး ရွေးနိုင်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
"အရင်ခေတ်ကလို မောင်ထုပြီးမဲပေးမယ်။ သူကြီးဖြစ်ချင်တဲ့သူက ဓာတ်ပုံနဲ့ နာမည်ထောင်ပြီး ချိတ်ထား။ မဲအများဆုံးရတဲ့သူက သူကြီးဖြစ်မှာပေါ့နော်။ ဒီဥပဒေမှာ သူကြီးဖြစ်ချင်တဲ့သူက ကန့်သက်ချက်ကလေး တစ်ခုပဲရှိပါတယ်။ အဲဒါက ပထမရှိတဲ့ ဆယ်အိမ်စုက ထောက်ခံပြီးလက်မှတ်ထိုးရမယ်” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
ထိုသို့ ရွေးချယ်စေခြင်းဖြင့် အုပ်ချူပ်ရေးမှူး ရွေးချယ်ရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဝင်ရောက်စွက်ဖက် နိုင်ခွင့် နည်းသွားကာ ပြည်သူက တိုက်ရိုက် ရွေးကောက်တဲ့ အုပ်ချူပ်ရေးမှူး ဖြစ်လာမည်ဟု ဆိုသည်။
ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအရ အိမ်ထောင်စု တစ်ခုလျှင် ကိုယ်စားလှယ်တစ်ဦး မဲပေးခွင့်ရမည်ဖြစ်သည်။
ထို့ပြင် ရပ်ကွက် သို့မဟုက် ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှုးများ ဝင်ရောက်ယှဉ်ပြိုင်မှု မများရန်အတွက် နည်းဥပဒေတွင် ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ပြီး ယင်းကြောင့် ဥပဒေကြမ်း၌ အိမ်ထောင်စု ဆယ်ခု လက်မှတ်ရေးထိုး ထောက်ခံမှသာ ယှဉ်ပြိုင်ခွင့် ပြုမည်ဟု ပါဝင်သည်။
"အရင်ဥပဒေက မြို့နယ်က စွက်ဖက်တယ်။ ကြီးကြပ်ရေးမှုကို မြို့နယ်က ရွေးထားတာ။ အခုကျွန်တော်ပြော တဲ့ဟာ လာမည့် ၂၀၁၅ မှာ ဒီဥပဒေက သက်ရောက်မှာပါ။ ဒီသက်တမ်းကုန်မှ ဖြစ်မှာပါ။ ထိခိုက်နစ်နာမှုတွေကို ကြည့်တဲ့အခါ ရပ်ကွက်အုပ်ချူပ်ရေးမှုကြောင့်ဖြစ်တယ်” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
မူလဥပဒေဟောင်းတွင် ရပ်ကွက် ကျေးရွာ တစ်ခု၌ ဆယ်အိမ်စုလျှင် တစ်ဦးသာ အုပ်ချုပ်ရေးမှူး ရွေးခွင့်ရှိပြီး ၎င်းကိုယ်တိုင် မဲပေးခွင့်ရှိနေခြင်းကိုလည်း ပြန်လည်ပြင်ဆင်ရန် စီစဉ်ထားသည်။
အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အထက်ပါဥပဒေကြမ်းကို ဒုတိယအကြိမ် ပြင်ဆင်ရန်အတွက် အဆိုတင်းသွင်းခဲ့ပြီး ဖြစ်ကာ ကန့်ကွက်သူမရှိသည့်အတွက် လွှတ်တော်တွင် ဆွေးနွေးအတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။
လက်ရှိကျင့်သုံးနေသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော် ကနဦး ကာလအတွင်း ပြဋ္ဌာန်းသည့် ခုနှစ်ခုမြောက် ဥပဒေအဖြစ် ၂၀၁၂ ခုနှစ် မတ် ၂၈ ရက်က ပြဌာန်းထားခြင်းဖြစ်သည်။