အထက်သံလွင် ရေကာတာ စီမံကိန်း တည်ဆောက်ဖို့ ဖြစ်နိုင်ချေရှိဟု လျှပ်စစ် ဒုဝန်ကြီးပြော

အထက်သံလွင် ရေကာတာ စီမံကိန်း တည်ဆောက်ဖို့ ဖြစ်နိုင်ချေရှိဟု လျှပ်စစ် ဒုဝန်ကြီးပြော
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း မိုင်းတုံ မြို့နယ် တာ့ဆန်း ရေအား လျှပ်စစ် စီမံကိန်းမှ  အထက် သံလွင် ရေကာတာ စီမံကိန်း အဖြစ် နာမည် ပြောင်းထားသော ရေအား လျှပ်စစ် ထုတ်လုပ် ရေးအကောင် အထည်ဖော်တည် ဆောက်ဖို့ ဖြစ်နိုင် ချေရှိကြောင်း ပြည်သူ့ လွှတ်တော် အစည်း အဝေးတွင် ကွန်ဟိန်း မြို့နယ် ကိုယ်စားလှယ် နန်းဝါနု၏ ကြယ်ပွင့် ပြမေးခွန်းအား လျှပ်စစ် ဝန်ကြီးဌာန ဒု-ဝန်ကြီးက ဖြေကြား ခဲ့ကြောင်း သိရသည်။

၂၀၁၃ အစီရင်ခံစာအရ မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းကြောင့် တာ့ကော့်တံတားအထိ ရေဝပ်မည်ဟု ပါရှိသဖြင့် တံတားအသစ်တခုပြန်လည်တည်ဆောက်ပေးမည်ဟုလည်း  လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမော်သာထွေးက ဖြေကြားခဲ့သည်။

Wah Nu

“ဒု-ဝန်ကြီးဖြေဆိုချက်က အထက်သံလွင်ရေအားလျှပ်စစ်စီမံကိန်း မဖြစ်မနေကိုတည်ဆောက်မယ့် အနေ အထားမှာရှိတယ်။ တကယ်လို့အဲတာ ဆောက်ဖြစ်ရင်တော့ သံလွင်မြစ်သာမက နမ့်ပန်ချောင်းအထိပါ ရေတက်မယ်။ ကွန်ဟိန်း၊ ကာလိ၊ တာ့ကော့်တံတား၊ တာ့ကော့်ရွာဟောင်းအပြင် ကောဇာ ၁၆၆ ခုနှစ် ကတည်းက ဆောက်လုပ်လှူဒါန်းတဲ့ တာ့ကော့်ဘုရား၊ ဆိုင်မိုင်းဘုရား၊ ဟိုလိန်းဘုရားအားလုံး ရေအောက် ရောက်နိုင်တယ်။ လက်တဆုပ်စာလူတစုအတွက် အကျိုးအမြတ်ရမယ်။ ဒီဒေသက လူထုအတွက်တော့ အရမ်းကို အန္တရာယ်ကြီးပါတယ်” ဟု နန်းဝါနုက ပြောသည်။

လွှတ်တော်အတွင်း နန်းဝါနု၏ ကြယ်ပွင့်ပြမေးခွန်းတွင် ၁- အထက်သံလွင်ရေအား လျှပ်စစ်တည် ဆောက် ထားမှု မည်သည့်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ၂- အဆိုပါစီမံကိန်းကြောင့် သဘာဝပတ် ဝန်းကျင်နှင့် လူမှုဘဝထိခိုက်နစ်နာမည့်အကြောင်း လူထုအား မည်သို့ရှင်းပြထားပြီး အဆိုပါပြဿနာ ဖြေရှင်းရန် မည်သို့စီစဉ်ထားကြောင်း၊ ၃- အဆိုပါစီမံကိန်းကြောင့် အဆိုပါဒေသမှလူထု မည်သည့် ခံစားခွင့် အခွင့်အလမ်းများ ရှိနိုင်မည်ဟူသည့်အကြောင်းနှင့် ၄- စီမံကိန်းကြောင့် ရေဝပ်မည့်ဒေသ အတွက် မည်သို့စီစဉ်ထားကြောင်း ၊ ၅- ရေဝပ်နိုင်မည့်ဧရိယာ မည်မျှရှိကြောင်း အစရှိ အချက် ၅ ချက်ကို မေးမြန်းထားသည်။

သို့သော် ဒု-ဝန်ကြီးက နံပတ် ၁ အချက်မှလွဲ၍ ကျန်အချက်များကို အကျယ်တဝင့် ရှင်းပြသွားခြင်း မရှိသဖြင့် ကျေနပ်အားရမှု မရှိကြောင်း နန်းဝါနုက ပြောသည်။

ထိခိုက်နစ်နာမှုအပိုင်းတွင်လည်း ဒုဝန်ကြီးက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည် ဟုသာ ဖြေကြားခဲ့သည်။ စီမံကိန်းမှ အကျိုးအမြတ်များကိုလည်း နိုင်ငံတော်က ရရှိမည့် အကျိုးအမြတ် အပေါ်မူတည်ပြီး လူထုနှင့်တွေ့ဆုံကာ ဖြေရှင်းသွားမည်ဟုသာ ဖြေဆိုသည်။

နောက်ဆုံးအချက်တွင်မူ ဒု-ဝန်ကြီးက  အထက်သံလွင်မှရမည့် လျှပ်စစ်ဓါတ်အားကို ပြည်တွင်းတွင်သာ အဓိကထား သုံးစွဲသွားမည်ဖြစ်ပြီး ပိုလျှံမှသာ ပြည်ပသို့ ရောင်းချမည်ဟု ဆိုသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တဦးက နိုင်ငံရေး၊ စစ်ရေးနှင့် ပတ်သက်ဆက် နွယ်သည်ဟု ဤကဲ့သို့ သုံးသပ်သည်။

“ဒီစီမံကိန်းဆိုရင် နိုင်ငံရေးနဲ့ဆက်နွယ်သလို စစ်ရေးနဲ့လည်း ဆက်နွယ်တယ်။ ဘာလို့လဲဆိုတော့ ၁− သံလွင်မြစ်တစ်လျှောက်မှာ သျှမ်းလက်နက်ကိုင် ၃ ဖွဲ့နေတယ်။ ဆည်ဆောက်ဖို့ လမ်းကြောင်းရှင်းရင်  တိုက်ပွဲဖြစ်နိုင်တယ်။ တိုက်ပွဲကြောင့်ဆိုပြီး လူထုကို နေရာပြောင်းခိုင်းမယ်။၂- ဆည်ဆောက်ပြီးရင် လည်း ရေဝပ်ဧရိယာတွေမှာ စိုက်ပျိုးရေးတွေ ပျက်မယ်။ အလုပ်မဖြစ်ရင် အဲဒီကလူတွေ တခြားနေရာ ပြောင်းရွှေ့မယ်။ အနုနည်းနဲ့စစ်ဆင်မယ်။ အကြမ်းနည်းနဲ့ စစ်ဆင်မယ်။ အထက်သံလွင်ဆည်ဖောက် ချရင် သို့မဟုတ် ဆည်ပေါက် ဆည်ကျိုးရင်တော့ ကယား ကရင် မွန်ပြည်နယ်တွေ ရေအောက်ရောက် ကုန်မယ်။ လူထုအတွက် ဘာအကျိုးမှမရှိတဲ့ဆည်ကို မဆောက်ဖို့ အစိုးရကို တိုက်တွန်းချင်တယ်” ဟု သျှမ်းသံတော်ဆင့်အား သုံးသပ်ပြသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း ၆ ခု (သျှမ်းပြည်နယ်အတွင်း ၄ ခု၊ ကယားပြည်နယ် ၁ ခု နှင့် ကရင်ပြည်နယ် ၁ ခု )တို့ကို မြန်မာအစိုးရက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  China Three Gorges Corporation ၊ ထိုင်းနိုင်ငံမှ  EGAT International နှင့် International Group of Entrepreneurs Company Ltd ( IGOEC) တို့အား ဆောက်လုပ်ခွင့်ကန်ထရိုက် ပေးထားသည်။