မြန်မာ နိုင်ငံ တဝှမ်းလုံး လူမှု ကွန်ယက် ချိတ်ဆက် နိုင်ရေး အတွက် တောင်ကြီး မြို့၌ ကျင်းပသည့် အစည်း အဝေးသို့ သျှမ်းပြည် နယ် အတွင်းမှ လူမှု အဖွဲ့အစည်း ပေါင်း ၂၀၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
သျှမ်းပြည်နယ်လုံးဆိုင်ရာ အရပ်ဘက်လူထုအခြေပြု အဖွဲ့အစည်း တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၇ မှ ၁၉ အထိ တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်း တိုင်းရင်းသားပေါင်းစုံ စာပေယဉ်ကျေးမှုကိုယ်စားလှယ်များ လူငယ်အဖွဲ့ အစည်းများ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း အင်အား ၂၇၀ ကျော် တက်ရောက်ကြသည်။
“ ဒီအစည်းအဝေးက သျှမ်းပြည်တခုလုံးမှာရှိတဲ့ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ အင်အားကောင်း လာရေး စွမ်းရည် မြင့်လာရေး ဒီအချက် ၂ ချက်ပေါ့နော်။ Row of CSO - CSO အရည်အချင်းမြင့်တငရေး ၊ Capacity Building ၊ Net Working စတာတွေပါမယ်။ ” ဟု အစည်းအဝေး ဖြစ်မြောက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးနေမျိုးကပြောသည်။
သီပေါမြို့ သျှမ်းစာပေယဉ်ကျေးမှုကိုယ်စားလှယ် စိုင်းရီဝမ်းက “ ဒီက နည်းစနစ်တွေယူပြီး ကျနော်တို့အဖွဲ့ အစည်းအတွက် ပြန်လည်အသုံးချနိုင်မယ်လို့ ယုံကြည်တယ်။ ပထမဆုံးရက်မှာတော့ လေ့လာဖို့ဘဲပေါ့။” ဟုပြောသည်။
ယခုတွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်က မကထ ပြုကာ သျှမ်းပြည်နယ်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ယခုကဲ့သို့တွေ့ဆုံပွဲအား မန္တလေးတွင် ပထမအကြိမ် ၊ မော်လမြိုင်တွင် ဒုတိယအကြိမ်နှင့် ပုသိမ်တွင် တတိယအကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။