“PR စနစ်လည်း သုံးတယ်၊ ဒီ ၂၀၁၀ လိုမျိုး မရိုးမသား မမှန်မကန် လုပ်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ပိုပြီးတော့ နစ်နာတာပေါ့ဗျာ”

“PR စနစ်လည်း သုံးတယ်၊ ဒီ ၂၀၁၀ လိုမျိုး မရိုးမသား မမှန်မကန် လုပ်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ပိုပြီးတော့ နစ်နာတာပေါ့ဗျာ”
by -
ကန္တာရဝတီတိုင်း(မ်)

နိုင်ငံရေးအရ ပြဿနာများစွာ ပေါ်နိုင်သော အချိုးကျ ကိုယ်စားပြု ရွှေးချယ်တင်မြောက်သည့် စနစ် PR ကိုလာမည့် ရွှေးကောက်ပွဲများတွင် ကျင့်သုံးရန် လွှတ်တော်တွင် ရုတ်တရက် တင်သွင်းခဲ့ပြီး ယင်းအဆို ဆွေးနွေးစဉ် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်မတက်ပဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည် ဖြစ်ရာ PR နှင့်ပက်သက်၍ ယင်း စနစ်သည် တိုင်းရင်းသား ပါတီငယ်တွေအတွက် အခွင့်အရေး နည်းပါးစေသည့် အတွက် ကန့်ကွက်သည်ဟု ဆိုသည့် ကယားပြည်နယ် အခြေစိုက် လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်) All National's Democracy (AND) Party Kayah State မှ ဥက္ကဌဦးဖိုးရယ်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး။ ။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ PR စနစ်နဲ့ မပြုလုပ်ဖို့ လွှတ်တော်ထဲက တိုင်းရင်းသားပါတီကိုယ်စား လှယ် အများစုက ကန့်ကွက်ထားတာ သိရတယ်။ အဲဒါနဲ့ပါတ်သက်လို့ ကယားပြည်နယ်က တိုင်းရင်းသား ပါတီ အနေနဲ့ ဆရာတို့ပါတီ ထောက်ခံလား ၊ ကန့်ကွက်လား ၊ ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါ။

ဖြေ။ ။ ကျနော်တို့ ကယားပြည်နယ်က တိုင်းရင်းသား ပါတီအနေနဲ့တော့ ဒီ PR စနစ်ကို ကန့်ကွက်တယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသား ပါတီအများစုဟာ ပါတီငယ်တွေ ဖြစ်တယ်။ တိုင်းရင်းသား ဒေသတွေ ဘက်မှာ ဆိုရင်လည်း ဒီ PR စနစ်ကို နားမလည်ဘူး။ ရွေးကောက်ပွဲ အကြောင်းလဲ နားမလည်ဘူး။ နောက်အချိုးကျနဲ့ လုပ်မယ်ဆိုရင် ကျနော်တို့ ပြည်နယ်အနေနဲ့ လူဦးရေအားဖြင့် ကြည့်မယ်ဆိုရင် တအားနည်းတယ်။ ဆိုတော့ ဒီ PR စနစ်နဲ့ လုပ်တဲ့ အခါကျတော့ ကျနော်တို့ တိုင်းရင်းသား ပါတီငယ်တွေက ပိုပြီးတော့ နစ်နာတယ်။ ပိုပြီး အခွင့်အရေး ဆုံးရှုံးမယ်ဆိုတော့ ဒါကြောင့် ကန့်ကွက်တာ ဖြစ်တယ်။

u-phoe-reh

မေး။ ။ ကျင့်သုံးဖို့ မကျင့်သုံးဖို့ ဆရာတို့ ပါတီအနေနဲ့ ဘယ်လိုဖြစ်သင့်တယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ PR စနစ်ဆိုတာ မသုံးသင့်တဲ့ဟာတွေ ပေါ့နော်။ ဘာလို့လဲဆိုတော့ ကျတော်တို့ ဒီမိုကရေစီဆိုတာ အခုမှ စတာလေ။ အခုမှ စတာဆိုတော့ လူထုက ကြံုတွေ့တာက လွတ်လွတ်လပ်လပ် တခါမှ မရှိသေးဘူးလေ။ ကျတော်တို့ ဒီဦးနေဝင်း တက်ပြီးတော့ အချိန်ကစပြီးတော့ တစ်ပါတီ စနစ်တုန်းကလည်း ဒီတိုင်းဘဲ။ နောက်ဒီ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း အားလုံးသိတဲ့အတိုင်းဘဲ ပေါ့နော်။ လူထုတွေရဲ့ ဆန္ဒအမှန် ဖော်ထုတ်နိုင်တဲ့ အချိန်အခါ အခွင့်အရေးဆိုတာ မရှိသေးဘူး။ နောက်ပြီးတော့မှ ကျတော်တို့ ပြည်သူ လူထုကလည်း ဒီမိုကရေစီ ဆိုတာ သူတို့နားလည်သေးတာ မဟုတ်ဘူး။ အမှန်ဆိုရင် ကျင့်သုံးဖို ့အချိန်ကလည်း တအား နည်းသေးတာပေါ့။ အဲလိုဖြစ်တော့ ကျတော်တို့ ဒီ PR စနစ်နဲ့ သွားလုပ်ရင်တော့ အထူးသဖြင့် ကျတော်တို့ ပြည်နယ်ပါတီငယ် တွေပေါ့။ အများကြီး အခွင့်အရေး ဆုံးရှုံးတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကျတော်တို့ ပါတီက အင်အားနည်းတာ တစ်ကြောင်း နောက်ပြီး ကျတော်တို့ ပြည်နယ်မှာလည်း လူဦးရေအားဖြင့် ကြည့်ရင်လည်း၊ နည်းနေတာက တကြောင်းပေါ့။ ဒါကြောင့်မို့လို့ ကျတော်တို့ ပါတီအနေနဲ့ ဒီPRစနစ်ကတော့ ကျနော်တို့လည်း မနှစ်သက်ပါဘူး။ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကိုဘဲ ကျတော်တို့ ဖော်ထုတ်ချင်တာပေါ့။ ကိုယ်ရှုံးရှုံး နိုင်နိုင်ပေါ့။ ရွေးကောက်ပွဲ တစ်ခုကို ဝင်တော့မယ်ဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်မယ် ဆိုရင်တော့ ကိုယ်ရှုံးရှုံးနိုင်နိုင် လူထုရဲ့ အဆုံးအဖြတ်ကို ကျတော်တို့ လိုချင်တာ ပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျတော်တို့ ပါတီအနေနဲ့ ဒီ PR စနစ် ကိုတော့ လုံးဝမနှစ်သက်တဲ့ အကြောင်း ပေါ့လေ။

မေး။ ။ လာမည့်ရွေးကောက်မှာ ဒီ PR စနစ် ကျင့်သုံးခဲ့မယ်ဆိုရင် ဘယ်လိုအခက်အခဲတွေ ကြံုတွေ့ လာနိုင်မလဲ။

ဖြေ။ ။ PR စနစ်နဲ့ လုပ်မယ်ဆိုလို့ရှိရင် အထူးသဖြင့် တောင်တန်း ဒေသဘက်မှာ မဲထည့်တဲ့နေရာမှာ အခက် အခဲ ရှိမယ်။ လူတိုင်းမဲရုံကို သွားပေးဖို့ အခက်အခဲရှိတယ်။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ သွားရေးလာရေး ခက်ခဲတဲ့ အခါကျတော့ မဲထည့်တဲ့သူ နည်းတဲ့အခါကျတော့ ဒီမလာရောက်နိုင်တဲ့သူတွေဟာ မဲထည့်တဲ့ နေရာမှာ မရိုးသားမှုတွေ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ ပါတီက မလိုလားဘူး။ ဘာဖြစ်လို့လဲဆို ရွှေးကောက်ပွဲ လုပ်တဲ့အချိန်မှာ တကယ့်ပွင့်လင်းမြင်သာပြီး အမှန်တကယ် ပြုလုပ်ပေးမှ ပါတီငယ်မှာ အားသာချက်ရှိမယ်။ ဆိုတော့ ဒီ PR စနစ်လုပ်ခြင်းအားဖြင့် ဒီဒေသဘက် အနေနဲ့ မဲပေးဖို့ အခက်အခဲရှိတော့ အားနည်းတဲ့အပိုင်း ရောက်သွားတယ်။ သမ္မတလည်း ဒီလာမဲ့ ၂၀၁၅ ရွှေးကာက်ပွဲဆိုလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွှေးကောက်ပွဲ လုပ်မယ်လို့ ကတိလည်း ပေးထားတယ်လေ၊ ဆိုတော့ ကျတော်တို့လည်း ဒီလို တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်တော့ ကျတော်တို့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ အနေနဲ့တော့ မဖြစ်မနေ ပါတီအနေနဲ့ ဝင်ပြီး ရွှေးကောက်မယ်၊ ပါဝင်မယ်လို့ ပါတီအနေနဲ့ဆုံးဖြတ်ကြတယ်ပေါ့။

မေး။ ။ ဆရာပြောသလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဖို့ သမ္မတပြောခဲ့တဲ့ အပေါ်မှာ ဆရာတို့ အပေါ်တရားမျှတမှု ရှိလာနိုင်မလား။

ဖြေ။ ။ ကျတော်တို့ PR စနစ်က သုံးမယ်ဆိုရင်တော့ တရားမျှတမှုရှိတယ် မရှိဘူးဆိုတာကတော့ ကော်မရှင်ရဲ့ လုပ်ငန်းပေါ်မှာ မူတည်တာပေါ့ဗျာ။ တကယ်တမ်း တရားမျှတမှုနဲ့ လွတ်လွတ်လပ်လပ် ရိုးရိုးသားသားနဲ့ သူတို့ လုပ်ပေးမယ် ဆိုရင်တော့ ကျတော်တို့ ပါတီငယ်တွေကတော့ နစ်နာရင်လည်းဘဲ ဒီလောက် အဆိုးကြီးတော့ မဟုတ်ဘူးလို့တော့ ကျတော်တို့ မြင်တာပေါ့နော်။ ဒါပေမဲ့ PR စနစ်လည်း သုံးတယ်၊ ဒီ၂၀၁၀ လိုမျိုးမရိုးမသား မမှန်မကန် လုပ်မယ်ဆိုရင် ကျတော်တို့ အနေနဲ့ ပိုပြီးတော့ နစ်နာတာ ပေါ့ဗျာ။ ကျတော်တို့ ဒီရွေးကောက်ပွဲက၊ ဒီစောင့်ကြည့် လေ့လာတဲ့အဖွဲ့ ကော်မရှင်တွေကအစ တကယ်တမ်း ဘက်မလိုက်ဖို့ အရေးကြီးတာပေါ့။ ဒီစောင့်ကြည့် လေ့လာတဲ့ နေရာမှာလည်း ဒီ CSO တို့ပေါ့။ ဒီကြားက လူမှုအသင်းအဖွဲ့တွေ ဘာတွေလေ့လာ စောင့်ကြည့်ခွင့်ရမယ် ဆိုရင်တော့ ကျတော်တို့ ပါတီအနေနဲ့တော့ အများကြီး မျှော်လင့်ချက် ရှိတာပေါ့လေ။

မေး။ ။ ဆရာအနေနဲ့ဒီ PR စနစ်နဲ့ ပတ်သက်ပြီးတော့ ပြည်နယ် အတွင်းမှာရှိတဲ့ တခြားနိုင်ငံရေး ပါတီတွေကို ဘာပြောချင်သေးလဲ။

ဖြေ။ ။ ကျတော်တို့ ကယားပြည်နယ်မှာရှိတဲ့ ပါတီ၊ ဒေသခံပါတီလို့ ပြောရမှာပေါ့နော်။ ဒီမှာရှိတဲ့ ပါတီတွေ ကတော့ အကောင်းဆုံးကတော့ တပေါင်းတစည်းတည်း ကျတော်တို့ လုပ်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့နော်။ ဒါလည်းဘဲ ကျတော်တို့ ပါတီအနေနဲ့ အမြဲတမ်း လက်ကမ်းကြိုဆိုတယ်။ ကျတော်တို့ ကိုယ့်ရဲ့ မဟာမိတ် ပါတီပေါ့နော်။ အထူးသဖြင့် ကျတော်တို့ ဒေသခံပါတီတွေကို ကျတော်တို့ တစုတစည်းနဲ့ လက်တွဲပြီးတော့မှ၊ ကျတော်တို့ လုပ်နိုင်မယ်ဆိုရင်တော့ ပိုပြီးတော့မှ အကျိုးသက်ရောက်မှု ရှိနိုင်တာပေါ့။

မေး။ ။ အခု ဆရာတို့ ပါတီအနေနဲ့ ဘာတွေလုပ်ဆောင်နေလဲ။ ဘာတွေ ပြင်ဆင်ထားလဲ။

ဖြေ။ ။ အထူးသဖြင့်တော့ ပါတီစည်းရုံးရေး၊ နောက်တချက်က လာမည့် ရွေးကောက်ပွဲမှာ ရွှေးကောက်ပွဲစနစ်၊ ရွှေးကောက်ပုံတွေကို လူထုတွေကို အသိအမြင် ပေးတာတွေရှိတယ်။ ဒီ PR စနစ်ဆိုတာလည်း ဘယ်လို နည်းလဲဆိုတာ ပြောဆိုသွားတာရှိတယ်။ နောက်လူတိုင်း ကိုယ်တိုင်ကိုယ်ကျ မဲလာထည့်နိုင်အောင် ပြောထားတယ်။

မေး။ ။ ဆရာအနေနဲ ့ ဘာများထပ်ပြီး ဖြည့်စွက်ပြောချင်သေးလဲ။

ဖြေ။ ။ ကျတော့်အနေနဲ့တော့ ဒီအထူးသဖြင့်ပေါ့။ ကျတော်တို့ ဒီ ၂၀၁၅ ရွေးကောက်ပွဲကျရင် ကျတော်တို့ ကော်မရှင် အဆင့်ဆင့်ပေါ့နော်။ ဗဟိုကနေ ရပ်ကွက်ကျေးရွာ အထိပေါ့။ သူတို့ထုတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဗဟိုမှာဘဲ သိတာမကဘူး ကော်မရှင် အဆင့်ဆင့်ကနေ အောက်ခြေအထိ ပေါ့ဗျာ၊ တသွေမတိမ်း လိုက်နာ ကြဖို့လိုပါတယ်။ အဲဒါမှလည်း ကျတော်တို့ ရွေးကောက်ပွဲက တရားမျှ တမယ်လို့ ကျတော်တို့ မြင်ပါတယ်။

လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) အကြောင်း

လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) သည် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ပါတီမှတ်ပုံတင် စတင်ရရှိ ခဲ့ပြီး လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီအသစ် ဖြစ်သည်။ ၂၀၁၀ ခုနှစ်ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပါတီ မှတ်ပုံတင်ခဲ့သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ဟန့်တား နှောက်ယှက်မှု ခံခဲ့ရသဖြင့် ၂၀၁၃ ခုနှစ်ရောက်မှသာ ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ်တွင် တိုင်းရင်းသား ပါတီ်မရှိခဲ့၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ တစ်ပါတီတည်းသာ အနိုင်ရခဲ့သည်။

ဦးဖိုးရယ် = ဥက္ကဌ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ
ဇာတိ = ဒီးမော့ဆိုမြို့
အသက် = ၆၅ နှစ်
ပညာအရည်အချင်း = ဖွံ့ဖြိုးရေး သိပ္ပံအမှတ်စဉ်(၁)
အလုပ်အကိုင် = ကျောင်းဆရာ/ မူအုပ် (အငြိမ်းစား)