စစ်တပ်၏ ရိုက်နှက်စစ်ဆေးမှု အမြန်ဆုံး ဖြေရှင်းပေးရန် ချင်းလူမှုအဖွဲ့များ တောင်းဆို

စစ်တပ်၏ ရိုက်နှက်စစ်ဆေးမှု အမြန်ဆုံး ဖြေရှင်းပေးရန် ချင်းလူမှုအဖွဲ့များ တောင်းဆို
by -
မဇ္စျိမ

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ဆက်သွယ်သည် ဟုဆိုကာ ဒေသခံခြောက်ဦးကို ကိုးရက်ကြာ ဖမ်းဆီးရိုက်နှက်ခြင်းသည် စစ်တပ်၏ လူ့အခွင့်အရေးချိုး ဖောက်မှုဆိုကာ ဖြေရှင်းပေးရန် ချင်းလူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ပလက်ဝမြို့နယ် ကုန်းပြင်ကျေးရွာရှိ တောင်သူခြောက်ဦးကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခလရ (၃၄၄) မှ ဖမ်းဆီးကာ ယာတဲတွင် ကိုးရက်ကြာ တုပ်နှောင်ရိုက်နှက်ခဲ့ခြင်းကို စက်တင်ဘာ ၁၇ ရက်က ဖမ်းဆီးခံရသူနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သတင်းစာရှင်းလင်းပွဲကျင်းပစဉ် ချင်းလူမှုအဖွဲ့အစည်းများက ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ မြန်မာပြည် တာဝန်ခံ လျန်ဘွေထွန်းက “ဒေသခံတွေက သူတို့ကို သွားတွေ့တာ မဟုတ်ဘူး။ သူတို့ကလာတာ။ ဒါကိုဒေသခံတွေကို ခေါ်ပြီး နှိပ်စက်တာ အောက်ခြေမှာ အတော်ဆိုးရွားစွာ လူ့အခွင့်ရေးကိုချိုးဖောက်နေတာ”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကုန်းပြင်ကျေးရွာရှိ တောင်သူများ တောင်ယာကောက်သစ်စားပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF မှ တပ် သားသုံးဦး ရောက်ရှိခဲ့ပြီး ၎င်းတို့ပြန်သွားချိန်တွင် စစ်တပ်ကရောက်ရှိလာပြီး တောင်သူများကို ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “လွန်ခဲ့တဲ့စစ်အစိုးရ လက်ထက်မှာလည်း ဖြစ်ခဲ့တယ်။ ဒီအချိန်ထိလည်း တိုင်းရင်းသားဒေသတွေမှာ ဒီလိုလူ့အခွင့်ရေးချိုး ဖောက်မှုတွေ ရှိနေတယ်ဆိုရင် ဒါကိုဘယ်သူက လုပ်ခွင့်ပေးထားတာလဲ ပွင့်လင်းမြင်သာစွာ အရေးဖို့ယူ လို တယ်” ဟု ပြောသည်။

ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကွန်းချောင်းကျေးရွာတွင်လည်း သြဂုတ်အတွင်းက ကျေး ရွာအုပ်ချုပ်ရေးမှူးကို စစ်တပ်မှ တာဝန်ရှိသူများက ရိုက်နှက်မှုများရှိခဲ့ပြီး ယင်းဖြစ်စဉ်ကိုဖြေရှင်းပေးမှု မရှိဟု ဆိုသည်။

ကုန်းပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်က “စစ်တပ်က ဒီလိုလုပ်တာကို ပြောလို့ ရွာကိုပြန်ရင် ကျွန် တော်လုံခြံုမှု ရှိမယ်ဆိုတဲ့ အာမခံချက်မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။

ကုန်းပြင်ကျေးရွာရှိ ရွာသားခြောက်ဦးကို ကိုးရက်ကြာဖမ်းဆီးခဲ့ခြင်းကို ပြည်နယ်အစိုးရသို့ စက်တင်ဘာ ၉ ရက်က တိုင်ကြားထားသော်လည်း ပြန်လည်အကြောင်းပြန်ခြင်း မရှိသေးဟုဆိုသည်။

ပဋိပက္ခများဖြစ်ပွားရာ ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ စောင့်ကြည့်ရေးအဖွဲ့မှ ဆလိုင်း အိုက်ဇက်ခင်က “ CNF က လူထုနဲ့ဆက်ဆံလို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ကြား သဘောတူ ထားတဲ့ ကတိကဝတ်ကို ချိုးဖောက်တယ်ဆိုရင် စစ်တပ်နဲ့ CNF တို့ ညှိနှိုင်းရမယ့်ကိစ္စ ဒေသခံတွေကို ရိုက် စရာမလိုဘူး၊ တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကို တာဝန်ယူဖြေရှင်း ပေးဖို့လိုတယ်” ဟု ပြောကြားခဲ့သည်။

ပလက်ဝမြို့နယ် ကုန်းပြင်ကျေးရွာမှ တောင်သူများကို သြဂုတ်လ ၂၄ ရက်က ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်ပြီး လက်ရှိတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။ ထိုသို့ဖမ်းဆီးမှုနှင့် ပတ်သက်၍ ချင်းပြည်နယ် အစိုးရကို စက်တင်ဘာ ၉ ရက် တိုင်ကြားထားသည်။

ချင်းပြည်နယ်တွင် အမ်းမြို့နယ် အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ကွပ်ကဲပြီး တပ်ရင်း ၁၄ ခုရှိ သည်။

Most read this week