မြဝတီမြို့ အတွင်းလှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ယူနီဖောင်းနှင့်တကွ လက်နက်ကိုင်ဆောင်မှု မပြုလုပ်ရန် တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅ က စက်တင်ဘာ ၁၄ ရက်တွင် သတိပေးထားသည်ဟု တပ်ရင်းမှူး ဗိုလ်မှူးဝင်းထွန်းက အတည်ပြုသည်။
“အဲဒီဟာက အစောကတည်းက သဘောတူညီထားတာပါ။ အထက်က ညွှန်ကြားတဲ့အတိုင်း ကျွန်တော်တို့က ဆောင်ရွက်တာပါ” ဟု ၎င်းက ဆိုသည်။
စာတွင်အရေးကြီး ကိစ္စဖြင့်မဖြစ်မနေ သွားလာရပါက သက်ဆိုင်ရာဆက်ဆံရေးရုံးမှ တစ်ဆင့် ရှေ့တန်းရုံး (မြဝတီ) သို့ ခွင့်ပြု ချက်ယူရမည်ဟု ပါဝင်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) သို့ ပေးပို့ခြင်းဖြစ်သည်။
ယခုလအတွင်း ဘားအံမြို့ရဲစခန်းသို့ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် လာရောက်ခြင်း၊ ထိုင်းရဲများက မြန်မာနိုင်ငံသားများထံမှ တရားမဝင် ငွေကြေးတောင်းခံမှုများ ရပ်တန့်စေရန် မြန်မာနိုင်ငံဘက်သို့ ရောက်ရှိနေသည့်ထိုင်းကုန်တင်ကားများကို အဆိုပါ တပ်ဖွဲ့ဝင်တို့ကပင် တားမြစ်ခြင်းတို့ ဖြစ်ပွားအပြီး ယင်းသို့ သတိပေးလိုက်ခြင်းဖြစ်သည်။
သတိပေးချက်တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် အစိုးရဌာနများ၏ ဥပဒေနှင့်အညီ ဆောင်ရွက်သော ကိစ္စတို့၌ ဝင်ရောက်စွပ်ဖက်မှုရှိနေခြင်း၊ စည်းကမ်းမလိုက်နာခြင်းတို့ ဖြစ်ပေါ်နေသည်ဟု ပါဝင်သည်။ ထို့ပြင်လက်နက်ကိုင်ဆောင် သွားလာခြင်းကြောင့် မြဝတီမြို့နေပြည်သူတို့အား စိုးရိမ်မှုဖြစ်စေပြီး မြို့လုံခြံု ရေးကိုပါ ထိခိုက်နေသည်ဟု ဖော်ပြထားသည်။
အကြောင်းကြား၍ သွားလာသည်ဖြစ်ပါက မြို့အဝင်အထွက် လုံခြံုရေး စစ်ဆေးမှုများကို ကြည်ဖြူစွာ လက်ခံကြရန်လည်း ဒေသအခြေစိုက် တပ်မတော်တပ်ရင်းက တိုက်တွန်းထားသည်။
“ဘားအံကိစ္စဖြစ်လို့ သူတို့ဘက်က ပြန်ချေပတာပါ။ ဒီလိုတားမြစ်တာက ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာမှာ နည်းနည်းတော့ နှောင့်နှေးစေပါတယ်” ဟု ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) မှ ဗိုလ်မှူး စောကျော်ဝင်းက ပြောသည်။
လာမည့် နိုဝင်ဘာ ၂၂ ရက် ရန်ကုန်မြို့ ဆွေးနွေးပွဲတွင် ယင်းသို့ နားလည်မှုလွဲမှား နေသည့်ကိစ္စကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တပ်မတော်တို့ကို ရှင်းပြသွားမည်ဟု ငြိမ်းချမ်းရေးကောင်စီ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ရင်နုက ဗိုလ်မှူး စောကျော်ဝင်းမှ တစ်ဆင့် ဖြေကြားသည်။
ကရင်အမျိုးသားအစည်းအရုံး မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး ဇောဒိုး ကလည်း စာမရောက်သေးသော်လည်း တယ်လီဖုန်းဖြင့် အကြောင်းကြားမှု လက်ခံရရှိခဲ့သည်ဟု ပြောသည်။
သတိပေးစာပေးပို့ခံရသည့် လက်နက်ကိုင်တပ်ဖွဲ့များသည် ၂၀၁၂ အတွင်းအစိုးရနှင့် ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ ဖြစ်သည်။