လမ်းမကြီး ဘေးက အိမ်ဆောက် ပစ္စည်းများကြောင့် ကားကြိတ် သေဆုံးမှု ဖြစ်

လမ်းမကြီး ဘေးက အိမ်ဆောက် ပစ္စည်းများကြောင့် ကားကြိတ် သေဆုံးမှု ဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း ၊နမ့်ခမ်းမြို့  ဟိုကတ် ရပ်ကွက်တွင် ပြည်ထောင်စု ကားလမ်းမ ဘေး၌ အိမ်ဆောက် ပစ္စည်း များ စည်းကမ်းမဲ့ ချထားမှုကြောင့် စက်တင်္ဘာလ ၁၄ရက််နေ့ ညနေက အမျိုးသမီးတစ်ဦး ကားကြိတ်ခံရ သေဆုံး ခဲ့ကြောင်း သတင်းရရှိ သည်။

စက်တင်ဘာလ ၁၄ ရက်ညနေက မော်တော်ဆိုင်ကယ်စီးလာသော အမျိုးသမီးငယ်နှစ်ဦး၏ ဆိုင်ကယ်ဘီးထဲသို့ အိမ်ဆောက်ရန် လမ်းဘေး၌ချထားသော သံချောင်းချိတ်မိပြီး လဲကျရာမှ ကားနင်းမိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးကပြောသည်။

car accident feature

“ ဆိုင်ကယ်ဘီးထဲကို သံချောင်းဝင်သွားလို့ ဆိုင်ကယ်လည်သွားပြီးလဲကျတယ်။ နောက်ကစီးတဲ့တယောက် လမ်းပေါ်ကျသွားတယ်။ အဲဒီအချိန်မှာဆိုင်ကယ်နောက်က ကပ်ပါလာတဲ့ တရုတ်နံပါတ်ပြားတပ် ကုန်တင်ကား တက်ကြိတ်သွားတယ်။ နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံကိုချက်ချင်းသယ်သွားတယ်။ ဒါပေမယ့် ညနေ ၅ နာရီခွဲလောက်မှာ ကားကြိတ်ခံရတဲ့ကောင်မလေးသေဆုံးသွားတယ်။ အဲတာ လမ်းဘေးမှာ စည်းမဲ့ကမ်းမဲ့ ချထားတဲ့ အိမ်ဆောက်ပစ္စည်းတွေကြောင့်ပေါ့။”  ဟု အဆိုပါ ရပ်ကွက်သားက ပြောသည်။

ယာဉ်တိုက်မှုုဖြစ်ပွားပြီးပြီးချင်း လမ်းမဘေး၌ စည်းကမ်းမဲ့ ချထားသော အိမ်ဆောက်ပစ္စည်းများကို ချက်ချင်းရွှေ့ ပြောင်းထားသည်ကိုတွေ့ရကြောင်း၊ နမ့်ခမ်းမြို့စည်ပင်ဌာနမှ တည်ဆောက်နေဆဲ အိမ်ကိုများကို ကွင်းဆင်း စစ်ဆေးမှုမပြုလုပ်သောကြောင့် ဤသို့ မဖြစ်သင့်သည်များလည်း ဖြစ်လာရကြောင်း  မြို့့ခံ စိုင်းဆန်အိုက် ကဆိုသည်။

“ကျနော်တို့မြို့မှာ အိမ်ဆောက်မယ်ဆိုရင် စည်ပင်ဌာနက ပိုက်ဆံတော့ လာကောက်တတ်တယ် ၊ ဒါပေမယ့် ကွင်းဆင်းစစ်ဆေးမှုမရှိဘူး ၊ ခုလည်း လမ်းမကြီး တစ်လျှောက် ဆောက်လုပ်ဆဲ အိမ်တွေ အိမ်ဆောက် ပစ္စည်း တွေ စည်းကမ်းမဲ့ချထားတာ အများကြီးရှိနေသေးတယ် ”ဟု ၎င်းက သျှမ်းသံတော်ဆင့်အားပြောသည်။

တရုတ်နံပါတ်ပြားတပ်ကားကိုမောင်းနှင်လာသော ယာဉ်မောင်းမှာ နမ့်ခမ်းမြို့ မန့်ဟောင်းကျေးရွာနေ စိုင်းယီမွန် ဖြစ်ပြီး သေဆုံးသူမှာ ပန်းဆေးရွာနေ အသက် ၂၀ ခန့် (အမည်မသိ) အမျိုးသမီးငယ်တစ်ဦးဖြစ်ပါသည်။ ၎င်း ယာဉ် မောင်း ကို အာဏာပိုင်များက နမ့်ခမ်းမြို့ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week