တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းနှင့် ပတ်သက်၍ အစိုးရနှင့် NCCT တို့ ဆွေးနွေးရန် ကျန်ရှိနေသည့် နှစ်ဖက်ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee) ဖွဲ့စည်းရေးအပါအဝင် ကော်မတီဖွဲ့စည်းပုံများကို စက်တင်ဘာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တွေ့ဆုံဆွေးနွေးရန် ကိစ္စများကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ဆွေးနွေးခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်။
ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရေးတွင် ပါဝင်မည့်သူများ၊ ကော်မတီဖွဲ့စည်းပုံကို အစိုးရနှင့် ဆွေးနွေးရေး အပါအဝင် ကြားကာလ အစီအစဉ်များကိုလည်း NCCT က ဆွေးနွေးခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် စာချုပ်တွင် ပါဝင်သော အချက်များကို ဦးဆောင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ရန်အတွက် အဆိုပါ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရန်အတွက် အရေးကြီးခြင်းဖြစ်သည်ဟု သူက ပြောသည်။
“တကယ်ပဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ရရှိလာတဲ့ အချက်အလက်တွေကို အကောင်အထည်ဖော်ဖို့ရယ်ဆိုတော့ စာချုပ်မှာလဲ နှစ်ဖက်ကအတူတူ ချုပ်တယ်ဆိုတော့ ဒီစာချုပ်ပါ အချက်တွေကိုလည်း နှစ်ဖက်အတူ ဦးဆောင်ဖို့လိုတယ်။ ဆိုတော့ သိပ်အရေးကြီးပါတယ်” ဟု သူက ပြောသည်။
အဆိုပါ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းရန် အစိုးရနှင့် ပြေလည်အောင် ညှိနှိုင်းဆွေးနွေးရမည်ဖြစ် ကြောင်း “အဓိက အစိုးရရဲ့ ဖွဲ့စည်းပုံကြောင့် ဖြစ်ပါလိမ့်မယ်။ အစိုးရမှာက ဦးဆောင်မယ့်ကော်မတီအဆင့် ဆင့်တွေ ရှိတယ်။ ဥပမာ သမ္မတရုံးတို့၊ UPCC၊ UPWC စသည်ဖြင့် အဆင့်လိုက်ရှိတဲ့အခါမှာ ဒီဆက်သွယ်မှု စနစ်တွေအပေါ်မှာ သူတို့ စီစစ်နေတာ ဖြစ်မယ်လို့ ထင်ပါတယ်” ဟု သူက သုံးသပ်ပြောဆိုသည်။
အစိုးရနှင့် NCCT တို့ ဆွေးနွေးရန် ကျန်နေသော အချက်များမှာ စောင့်ကြည့်ကော်မတီဖွဲ့စည်းခြင်း၊ အပစ်အခတ် ရပ်စဲပြီးနောက်နှင့် နိုင်ငံရေးဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ မချမှတ်မီ ကြားကာလတွင် တပ်နေရာချထားရေး အစီအစဉ်နှင့် ပြန်လည် မပစ်ခတ်စေရန် စည်းကမ်းချမှတ်ခြင်းများနှင့် အပစ်အခတ်ရပ်ရေး သဘောတူညီမှုတွင် ပါဝင်မှုသူများ သတ်မှတ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့ သတ်မှတ်ရေးတို့ ဖြစ်သည်။
ထို့ပြင် ကြားကာလအစီအစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရတို့ အကြား စိုးရိမ်မှုများရှိသဖြင့် နှစ်ဖက် နားလည်မှု တည်ဆောက်ရန် အရေးကြီး ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ဆက်ပြောသည်။
“တစ်ဖက်နဲ့တစ်ဖက် ဘာကို စိုးရိမ်တာလဲ။ အပြန်အလှန်ဘယ်လို ကတိပြုမလဲဆိုတဲ့ အပေါ်မှာ အဓိကတော့ ယုံကြည်မှု အပေါ်မှာ တည်ဆောက်ဖို့ လိုပါတယ်
အချက်အလက်အပေါ်မှာ ရေးသားထားတာ ဖြစ်သော်လည်းဘဲ အချက်အလက်ဆိုတာက တဖက်ဖက်က ချိုးဖောက်လို့ရှိရင် ပျက်ဆီးသွားတဲ့ကိစ္စမျုုိးပေါ့နော်။ အဲတော့ ဒီအပေါ်မှာ တဖက်နဲ့ တဖက် မပျက်ဆီးအောင် ဘယ်လိုလုပ်မလဲ၊ အပြန်အလှန်ဘယ်လို လေးစားမလဲဆိုတဲ့ နားလည်မှုကို သိပ်အရေးကြီးပါတယ်” ဟု သူက ဆက်လက်ပြောဆိုသည်။
ပြီးခဲ့သည့် ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီ ဖွဲ့စည်းရန် NCCT ဘက်မှ တင်ပြခဲ့မှုကို အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆိုင်ရာကော်မတီ ဟူ၍ ယာယီသဘောတူညီမှု ရရှိထားသည်။
သို့သော် NCCT ဘက်မှ တစ်နိုင်ငံလုံး အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဦးဆောင်ကော်မတီတစ်ခု မရှိဘဲ လုပ်ငန်းကော်မတီ အဆင့်ဖြင့်သာ လုပ်ဆောင်ပါက ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားလျှင် ဖြေရှင်းပေးနိုင်မည့် ပူးတွဲ ဦးဆောင်ကော်မတီ လိုအပ်သည်ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်းက ယမန်နေ့က ပြောဆိုခဲ့သည်။
NCCT ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တတိယမူကြမ်းအပေါ် သုံးသပ်ခဲ့သော အကြို ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ နယ်စပ်မြို့ တစ်ခုတွင် ကျင်းပခဲ့ရာ ယနေ့တွင် အစည်းအဝေး အသုံးသပ်လိုက်ပြီ ဖြစ်သည်။
NCCT အစည်းအဝေးတွင် တပ်ပိုင်း ဆိုင်ရာကိစ္စနှင့် နှစ်ဘက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း နှင့် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများ ဆွေးနွေးရန်အတွက် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်သော ကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့သည်။
ကျင့်ဝတ်စည်းမျဉ်း၏ ဦးဆောင်ကော်မတီအဖြစ် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးစောလုံ့လုံ့ကို တာဝန်ပေးအပ်လိုက်ကာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဦးဆောင် ကော်မတီအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် စောတာဒိုမူးကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေးအတွက် NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် CNF မှ အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်တို့ကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခဲ့သည်ဟု သူက ဆိုသည်။
UWPC ဘက်မှ တစ်နိုင်ငံလုံးအပစ်ရပ် တတိယမူကြမ်းကို ဆွေးနွေးရန် အစိုးရဘက်က အဆိုပြုသည့် စက်တင်ဘာလ ၂၂၊ ၂၃၊ ၂၄ ရက်များ အပါအဝင် ငါးရက်တွေ့ဆုံရန် NCCT ဘက်က ဆုံးဖြတ်ထားသည်။