ယခုနှစ်အတွက် ဓာတ်လိုက်သေဆုံးမှုများမကြာခဏ ဖြစ်ပေါ်နေရခြင်းမှာ သက်ဆိုင်ရာ လျှပ်စစ်ဌာန၏ စစ်ဆေးမှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု သင်္ကန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးကျော်က ဝေဖန်လိုက်သည်။
“သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးမှုအားနည်းတဲ့အခါကျတော့ ဒီလို အန္တရာယ်ကို မဖိတ်ခေါ်ဘဲ ကြံုတွေ့ရတာပေါ့။ သက်ဆိုင်ရာဌာန အသီးသီးက အမြန်ဆုံးစစ်ဆေးပြီး ပြုပြင်သင့်တာပေါ့ဗျာ” ဟု ဦးကျော်က စက်တင်ဘာ ၁၃ ရက်က မဇ္ဈိမကို ပြောသည်။
ဓာတ်လိုက်မှုကြောင့် ရန်ကုန်တိုင်းအတွင်း ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လအတွင်း သေဆုံးသူ ၅၅ဦး ရှိခဲ့မှုအပေါ်ရည်ညွှန်းကာ ဦးကျော်က ဝေဖန်လိုက်ခြင်းဖြစ်သည်။
အနီးစပ်ဆုံးဥပမာအနေဖြင့် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော သင်္ကန်းကျွန်းမြို့နယ်၊ ဇဋိလလမ်းနှင့် သုမင်္ဂလာလမ်းထောင့်ရှိ ဓာတ်ကြိုး ဝါယာရှော့စ်ဖြစ်ပြီး အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်ဆယ်နှစ်အရွယ် ဒုတိယတန်းကျောင်းသူတစ်ဦးတို့ စက်တင်ဘာ ၁၂ရက် ညက သေဆုံးခဲ့ရသည်။
“အမြန်အကောင်အထည်ဖော်ဖို့ပဲ ကျွန်တော်ပြောချင်တယ်။ ဒီအတိုင်းဆို ရှေ့လျှေက် အန္တရာယ်ရင်ဆိုင်နေရ ဦးမှာပဲဗျာ” ဟု ဦးကျော်က ဆိုသည်။
သို့သော် ဟောင်းနွမ်းနေသည့် ဓာတ်ကြိုးများအသစ်လဲလှယ်ရန် နိုင်ငံတော်က ခွင့်ပြုပေးသည့် ရံပုံငွေလုံ လောက်မှုမရှိဟု ရန်ကုန်တိုင်း၊ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ဩဂုတ် ၂၅ရက်က တိုင်းလွှတ်တော် အစည်းအဝေးတွင် ပြောဆိုထားသေးသည်။
“ဒီနေ့အချိန်မှာ အရည်အသွေးကောင်းတာတွေနဲ့ ပြောင်းလဲလုပ်ဖို့ လိုတာသိပေမယ့် ဘဏ္ဍာငွေရတဲ့အပေါ် ဆောင်ရွက်နေရတာပါ” ဟု ဦးဉာဏ်ထွန်းဦးက ပြောဆိုထားခြင်းဖြစ်သည်။
လက်ရှိတွင် လမ်းမကြီးများတွင်သာ ဓာတ်တိုင်ရှိပြီး လမ်းသွယ်အများအပြားတွင် ဓာတ်တိုင်မရှိသဖြင့် ဓာတ်ကြိုးများ သွယ်ယူထားရခြင်းမှာလည်း လျှပ်စစ်အန္တရာယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်နေသည်ဟု ဦးကျော်က ထောက်ပြသည်။
ဓာတ်လိုက်သေဆုံးမှုကြောင့် ရန်ကုန်တိုင်းအပြင် အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ပုသိမ်မြို့၊ တစ်ဖက်ကမ်း၊ အမှတ် ၉ ရပ်ကွက်တွင် အသက် ၆၇ နှစ်အရွယ် ဦးသန်းရွှေဆိုသူမှာ နံနက်စောစော လမ်းထလျှောက်ရင်း လမ်းပေါ်တွင် ပြုတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုးမှ ဓာတ်လိုက်ကာ သေဆုံးမှုတစ်ခု စက်တင်ဘာ ရ ရက် နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့သေးသည်။