ကမန်လက်မှတ်များ တရားမဝင် ထုတ်ပေးထားသဖြင့် အငြင်းပွားကာ နိုင်ငံသားစိစစ်မှုရပ်နားထားရ

ကမန်လက်မှတ်များ တရားမဝင် ထုတ်ပေးထားသဖြင့် အငြင်းပွားကာ နိုင်ငံသားစိစစ်မှုရပ်နားထားရ
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ မြေပုံဒုက္ခသည်စခန်းတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် စိစစ်လျက်ရှိပြီး ကမန်တိုင်း ရင်းသားများကို စစ်ဆေးမှုတွင် တရားမဝင် ထုတ်ပေးထားသော ကတ်များတွေ့ရှိပြီး စိစစ်ခံမခံ အငြင်းပွားကာ စိစစ်ခြင်းကို ခေတ္တရပ်နားထားသည်ဟု မြို့နယ်အဆင့် နိုင်ငံသားစိစစ်မှုအဖွဲ့ဝင် ဦးမောင်ရေချမ်းက စက်တင်ဘာ ၁၂ ရက်တွင် မဇ္ဈိမကိုပြောသည်။

မြေပုံမြို့နယ် ဒုက္ခသည်စခန်းတွင် ရှေ့ပြေးစီမံချက်ဖြင့် လူဦးရေစိစစ်ခြင်းကို ပြုလုပ်လျက်ရှိပြီး သုံးခေါက် ချိုးလက်မှတ် ကိုင်ဆောင်ထားသူများ၊ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများနှင့် အဖြူရောင်ကတ် ကိုင်ဆောင်ထားသူများကိုလည်း စိစစ်လျက်ရှိသည်။

“ကမန်လို့ လက်မှတ်ရှိတဲ့သူတွေကို စစ်လိုက်တဲ့အခါ မှတ်ပုံတင်အတုတွေ ဖြစ်နေတော့ လာဘ်စားမှုတွေ ကိုတွေ့ရတယ်။ နောက်တစ်ချက်က ကမန်လို့ ရရှိထားသူတွေက အစစ်မခံတော့ဘူး” ဟု ဦးမောင်ရေချမ်း က ဆိုသည်။

အဆိုပါ ဒုက္ခသည်စခန်းတွင် ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင် ကိုင်ဆောင်ထားသူ လူဦးရေခုနှစ် ဆယ်ကျော်ရှိပြီး ယင်းတို့ကို စိစစ်ရာတွင် အငြင်းပွားမှုများရှိခဲ့သဖြင့် ရပ်နားထားရခြင်းဖြစ်သည်ဟု ဆိုသည်။

“ရပ်လိုက်လို့တော့မရဘူး။ တရားမဝင် ထုတ်ပေးသူရော၊ ကိုင်ဆောင်သူရော ဥပဒေအရဖြေရှင်းရမှာပေါ့။ ရပ်လိုက်ရင် တခြားသူတွေ နစ်နာတာပေါ့”ဟု ဘင်္ဂါလီ ခေါင်းဆောင် ဦးအောင်ဝင်းက ဆိုသည်။

မတ်လ ၅ ရက်က စတင်ခဲ့သော နိုင်ငံသားစိစစ်မှုတွင် စက်တင်ဘာ ၂ ရက်အထိ စိစစ်ပြီးစီးမှု ၆၀၀ ကျော် ရှိခဲ့ပြီး နိုင်ငံသားအဖြစ် သဘောထားမှတ်ချက်ပြုသူ ၈၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှတ်ချက်ပြု သူ ၅၃၄ ဦးနှင့် ဆောင်ရွက်ပေးရန်မသင့်ဟု သဘောထားမှတ်ချက်ပြုသူ ၁၂ ဦး အထိ ရှိခဲ့သည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်တွင် ဒုက္ခသည်များ နေရာချထားရေးသည် ဦးစားပေး လုပ်ဆောင်ရန်အချက် အဖြစ်ပါ၀င်သော်လည်း ဒုက္ခသည်များကို နိုင်ငံသားစိစစ်ပြီးမှသာ နေရာချထားရေး ဆောင်ရွက် နိုင်မည်ဟု ဆိုသည်။