“တပ်ပေါင်းစု” စတင်ဖွဲ့စည်းကာစ၊ စုစည်းကာစဆိုရင် မမှည့်သေးတဲ့ ဒူးရင်းသီးနဲ့တူမှာပေါ့။ မာမာကျစ်ကျစ်၊ ဆူးချွန်ချွန်တွေနဲ့။ ဘုံရန်သူကို ညီညီညွတ်ညွတ် တွန်းလှန်ကြမယ်ဆိုတဲ့သဘော။ ကာလတစ်ခုဖြတ်သန်း သွားပြီးတဲ့အခါ ဒူးရင်းသီးဟာ အခြမ်း လိုက် အက်ကြောင်း၊ ကွဲကြောင်းကြီးတွေ ထင်ထင်ရှားရှားပေါ်လာပြီ၊ အနံ့တွေလည်း ထွက်လာပြီ၊(တချို့က ဒူးရင်းသီးအနံ့ မွှေး တယ်/တချိ့က နံတယ်ပေါ့)။
“တပ်ပေါင်းစု” ဆိုတာ ဒူးရင်းသီးနဲ့တူတယ်။
“တပ်ပေါင်းစု” စတင်ဖွဲ့စည်းကာစ၊ စုစည်းကာစဆိုရင် မမှည့်သေးတဲ့ ဒူးရင်းသီးနဲ့တူမှာပေါ့။ မာမာကျစ်ကျစ်၊ ဆူးချွန်ချွန်တွေနဲ့။ ဘုံရန်သူကို ညီညီညွတ်ညွတ် တွန်းလှန်ကြမယ်ဆိုတဲ့သဘော။ ကာလတစ်ခုဖြတ်သန်း သွားပြီးတဲ့အခါ ဒူးရင်းသီးဟာ အခြမ်း လိုက် အက်ကြောင်း၊ ကွဲကြောင်းကြီးတွေ ထင်ထင်ရှားရှားပေါ်လာပြီ၊ အနံ့တွေလည်း ထွက်လာပြီ၊(တချို့က ဒူးရင်းသီးအနံ့ မွှေး တယ်/တချိ့က နံတယ်ပေါ့)။ နောက်ဆုံး အဲဒီဒူးရင်းသီးကြီး အစိတ်စိတ်ကွဲထွက်မသွားအောင် “နှီးကလေး”နဲ့ချည်ထား၊ တဲထား ရတယ်။ အဲဒီလို စည်းနှောင်၊ ချည်နှောင်၊ တဲနှောင်ထားတဲ့ “နှီးကလေး”ဟာ တပ်ပေါင်းစုညီညွတ်ရေးပေါ့။ အဲဒီ တပ်ပေါင်းစုညီ ညွတ်ရေး “နှီးကလေး”က ဝါးအကြောကို သင်ထားတဲ့နှီးမဟုတ်ဘူး။ အူတိုင်နားကပ်နေတဲ့နှီးမျိုး၊ အချိန်မရွေးဆွေးပြီး ပြတ်သွားဖို့ သိပ်လွယ်တယ်။
ဒီလိုနဲ့တပ်ပေါင်းစုတွေ ဖွဲ့စည်းခဲ့ကြပြီး၊ ဖွဲ့ခဲ့သမျှ တပ်ပေါင်းစုတွေဟာ မကြာခင်မှာ အနိစ္စသဘော တမျိုးမျိုးနဲ့ ကိစ္စချောကုန် ကြပါတယ်။ (ဒညတ)၊ (မဒတ)လို့ ခေါ်တဲ့ (NDF)၊ (မဒမခ)လို့ ခေါ်တဲ့ (DAB)၊ “ ပြည်ထောင်စု မြန်မာနို်င်ငံ အမျိုးသားကောင်စီ” လို့ခေါ်ကြတဲ့(NCUB)၊ “ဒီမိုဖိုရမ်” လို့ဆိုတဲ့ (FDB) တို့ဟာ အထက်မှာ တင်ပြခဲ့တဲ့ ဒူးရင်းသီးဥပမာလိုပဲ အနိစ္စသဘောနဲ့ ကိစ္စချော ကုန်ခဲ့ကြပြီ မဟုတ်ပါလား။ အခုလည်း ယနေ့ကာလပေါ် (UNFC) တပ်ပေါင်းစု မျက်စေ့နီနေတယ်။ မျက်ခုံးလှုပ်နေတယ်။
တကယ်တော့ ထိုင်းမြန်မာနယ်စပ်တစ်ကြောမှာ ၁၉၈၈နောက်ပိုင်း ဖွဲ့ခဲ့ဖူးတဲ့ တပ်ပေါင်းစုမှန်သမျှ ခေါင်းဆောင်မှုစာရင်းမှာ (KNU)၊ (KIO)၊ (NMSP) တို့ကပဲ တပ်ပေါင်းစု ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ(၁) ၊ ဥက္ကဋ္ဌ(၂) နေရာတွေကို ဘိုးဘွားပိုင်သဖွယ် ယူခဲ့ကြတာပါ။
ဘုံရန်သူဆိုတာ အမြဲတမ်း ပြက်ပြက်ထင်ထင်ရှိနေတာခဲ့ပဲ။ တညီတညွတ်တည်း တိုက်ပွဲဆင်နိုင်မှ မျှော်မှန်တိုင်းပန်တိုင်ရောက် မယ်ဆိုတာလည်း နောကျေအောင် သိထားကြတာပဲ။ ဒါပေမယ့် ဘုံရန်သူရဲ့ ပရိယာယ်ဝေဝုစ်ကိုတော့ မခံနိုင်ကြဘူး။ အရှေ့ မြောက်မှာ (ဗကပ)ကို အောက်ခြေလွတ်အောင် ရန်သူက လုပ်နိုင်သွားပြီးတဲ့နောက်မှာ ထိုင်းမြန်မာနယ်စပ်က အင်အားစုတွေအ ဖို့ တော်လှန်ရေးဗဟိုချက်ဟာ “မာနယ်ပလောဖြစ်တယ်”လို့တောင်မှ သုံးသပ်ယူဆခဲ့ကြဖူးတာပါပဲ။ ဒါပေမယ့် ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးရဲ့ “တစ်နပ်စား ငြိမ်းချမ်းရေး” လှိမ့်လုံးအောက်မှာ အားလုံး တစစီ ပြိုကွဲသွားခဲ့ကြရတယ်။
(မဒတ)ရဲ့ ဒေါက်တိုင်လိုအဖွဲ့အစည်းတွေဖြစ်တဲ့ (KIO) နဲ့ (NMSP)တို့ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲ သွားခဲ့ကြတယ်။ နှစ်ပေါင်း ၂၀ကျော်ကြာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဘယ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနဲ့မှ နိုင်ငံရေးအရ ဟုတ်တိပတ်တိ ဆွေးနွေးခဲ့တာမရှိခဲ့ဘူး။ “ညောင်နှစ်ပင်ညီလာခံ”မှာ အခြားဖိတ်ကြားသင့်သူများဆိုတဲ့ နာမည်နဲ့ နိုင်ငံရေးပေါ်တာဆွဲတာပဲ ခံခဲ့ ကြရတယ်။ ဒါ့အပြင် အချို့အဖွဲ့အစည်းတွေ အဖွဲ့အစည်းတစ်ခုလုံး ဖျက်သိမ်းခြင်းခံသွားကြရတယ်။ အချို့က အကြွင်းမဲ့လက်နက် ချခဲ့ကြရတယ်။ အင်အားကောင်းခဲ့ကြတဲ့ (KUN)၊ (KIO)၊(NMSP) အဖွဲ့အစည်းကြီးတွေထဲက အစိတ်စိတ်ကွဲအက်မှုတွေ၊ ခွဲထွက် မှုတွေ အတောမသတ် ပေါ်ပေါက်ခဲ့တယ်။ (နဝတ-နအဖ) စစ်အစိုးရအုပ်စိုးတဲ့ နှစ်ပေါင်း ၂၀ကျော်ကာလဟာ တိုင်းရင်းသားအဖွဲ့ အစည်းတွေအဖို့ ဘယ်ခေတ်ကာလနဲ့မှ မတူတဲ့ ကွဲအက်မှု/ခွဲထွက်မှုတွေ ကြံုတွေ့ခဲ့ကြရတဲ့ကာလလို့ပြောရင် ဘယ်သူ ငြင်းနိုင် မှာလဲ။
နောက်ဆုံးမှာတော့ အမျိုးသားရန်သူ/မဟာဗမာလူမျိုးကြီးဝါဒီလို့ ပြောခဲ့ကြတဲ့ ရန်သူရဲ့ ခြံစည်းရိုး ကာကွယ်ရေးတပ် (BGF)တပ် ဖြစ်လိုဖြစ်၊ အချင်းချင်း ပြန်တိုက်သူတိုက်ကြ၊ အပြန်အလှန် လုပ်ကြံသတ်ဖြတ် ကြတဲ့ အနိဋ္ဌာရုံတွေသာ ဖြစ်ပျက်ခဲ့ရတယ်။ အမျိုး သား တော်လှန်ရေးသမားဘဝကနေ အုပ်စိုးသူရဲ့ သစ္စာခံစစ်သားအဖြစ် ပြောင်းခဲ့ကြရတယ်။ နဖူးပေါ်လက်တင် တွေးကြည့်ရင် တစ်ချိန်က အမျိုးသားတန်း တူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အသက်စွန့်/ ကိုယ်လက်ခန္ဓာ စွန့်လွှတ်သွားကြတဲ့ အာဇာနည် တွေ၊ သူရဲကောင်းတွေကို မျက်နှာပူဖို့၊ ရှက်ဖို့သိပ်ကောင်းပါတယ်။
ဒီကနေ့ တိုင်းရင်းသားလူမျိုးစုတိုင်းက တောင်းဆိုနေတဲ့ “ဖက်ဒရယ်ပြည်ထောင်စု”ဆိုတာ ဖော်ဆောင်နိုင်ဖို့ အုပ်စိုးသူ အစိုးရဆီ က ခိုင်မာတဲ့ အာမခံချက် ဘယ်မှာရှိသလဲ။ စာနဲ့ပေနဲ့လည်းမရှိသလို၊ စကားအဖြစ်လည်း သက်သေပြစရာမရှိပါဘူး။ အုပ်စိုးသူ ဘက်က ပေးနေတာဆိုလို့ စီးပွားရေးလုပ်ကွက်တချို့နဲ့ ကားပါမစ်ပဲရှိ တယ်။
“၂၀၀၈ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေ”ကို ဘယ်သူမဆို လိုက်နာရမယ်လို့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ်ဆိုသူတွေ က တဖွဖွပြောနေတာပဲ။ တန်းတူရည်တူ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ဘယ်နေမှန်း မသိသေးဘူး။ အပစ်ရပ်လက်မှတ်ရေးထိုးဖို့ကို က စက်တင်ဘာကနေ အောက်တိုဘာထိရွှေ့သွားပြန်ပြီ မဟုတ်လား။
ဒီလိုအခြေအနေမှာ ယနေ့ကာလပေါ် တပ်ပေါင်းစုတစ်ခုဖြစ်တဲ့ (UNFC) ထဲကနေ (KNU)ကနှုတ်ထွက်သွား ပြန်တယ်။
ဒီလို ထွက်သွားတာကြောင့် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ပိုမြန်ဆန်လာမလား။ နိုင်ငံရေးဆွေးနွေးပွဲတွေ မြန်မြန်ဖြစ် မြောက်လာနိုင်သလား။ အဲဒါတွေဖြစ်ဖို့ မသေချာပါဘူး။ (KNU)တဖွဲ့တည်း အုပ်စိုးသူအစိုးရနဲ့ နားလည်မှုယူတာတော့ ဖြစ်သွား နိုင်ပါတယ်။ (KNU) ကလည်း လက်ရှိ အုပ်စိုးသူနဲ့ မြန်မြန်ပြေလည်ချင် ပုံရပါတယ်။
သမ္မတတို့၊ ကာချုပ်တို့က အခြားအဖွဲ့အစည်းများနဲ့မတူ တမူထူးပြီး၊ (KNU) ကို ‘ဂဒီးဂဒီး’ ခေါ်ခေါ်တွေ့နေ လေတော့၊ သမ္မတကြီး တို့၊ ကာချုပ်ကြီးတို့ရဲ့ သဘောထားအမှန်ကို အခြားအဖွဲ့တွေထက် (KNU) က ပိုသိနေတဲ့ပုံပါပဲ။ (KNU) အီးစီတစ်ဦး မီဒီယာ တွေမှာ ပြောဆိုနေတာတွေက အဲဒီအခြေအနေတွေကို ထင်ဟပ်ပေါ်လွင်စေပါတယ်။ သူပြောတာထဲမှာဆိုရင် (KNU) နဲ့ အခြား တိုင်းရင်းသားတွေဟာ ဘဝချင်းမတူပါဘူးတဲ့။ ဒီတော့ ကရင့်ကံကြမ္မာကရင်ဆုံးဖြတ်မယ်ဆိုတဲ့သဘောပါပဲ။ (KNU) က (UNFC) ထံ ပေးပို့တဲ့စာမှာလည်း အချုပ်အခြာအာဏာပိုင်ဆိုတဲ့ စကားပါနေလေတော့။ ရှေ့မှာ အုပ်စိုးသူအစိုးရနဲ့ စကားပြောတာတွေမှာ (UNFC) ဆုံးဖြတ်ချက်တွေကို မနာခံတော့ဘူး။ (KNU) အဖွဲ့အစည်း စိတ်ကြိုက် ဆုံးဖြတ်တော့မယ် ဆိုတဲ့သဘောပါပဲ။
(KNU) တဖွဲ့ထဲနဲ့ဆွေးနွေးပြီး အုပ်စိုးသူအစိုးရက (KNU) ရဲ့ ပင်မအခြေခံမူတွေဖြစ်တဲ့ “စောဘဦးကြီးမူ(၄)ရပ်”ကို တိတိကျကျ၊ သေသေချာချာ လက်ခံတယ်ဆိုရင်ဖြင့် (UNFC)ကနေ (KNU) နှုတ်ထွက်သွားတာကို ကျနော်တို့လက်ခုပ်တီးကြရမှာဖြစ်ပြီး ကျန် တဲ့ ကချင်၊ မွန်၊ ရှမ်း၊ ကရင်နီ၊ ပအိုဝ်း စတဲ့တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေအတွက် (KNU) အတွေ့အကြံုတွေကို လေ့လာကြဖို့ မုချလိုအပ်မှာ ဖြစ်ပါတယ်။
“တပ်ပေါင်းစု” တည်ဆောက်တာ၊ တပ်ပေါင်းစုညီညွတ်ရေး တည်ဆောက်တာတို့ဆိုတာဟာ “ဓမ္မစေတီခေါင်း လောင်းဆယ်” နေ ကြတာမျိုးသာဖြစ်တယ်လို့ နောင်မျိုးဆက်သစ်များ ထင်မှတ်မမှားကြစေဖို့ လက်ရှိ မျိုးဆက်များမှ ကြိုးပမ်းကြစေလိုပါကြောင်း။