အဋ္ဌမအကြိမ် ကယား လွှတ်တော် အစည်းအဝေး နှစ်ရက်နှင့်ပြီး

အဋ္ဌမအကြိမ် ကယား လွှတ်တော် အစည်းအဝေး နှစ်ရက်နှင့်ပြီး
by -
ကန္တာရဝတီတိုင်း(မ်)

ပထမအကြိမ် ကယားပြည်နယ် အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေး နှစ်ရက် နှင့်ပြီးဆုံးခဲ့ပြီး ယင်းသို့ဖြစ်ရခြင်းမှာ ကယားပြည်နယ်တွင် တစ်ပါတီတည်းရှိပြီး ကိုယ်စားလှယ်များ ဆွေးနွေးမှု အပိုင်းတွင် အားနည်းခြင်းကြောင့် ဖြစ်သည်ဟု အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ပထမအကြိမ် ကယားပြည်နယ် အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၅ ရက်နှင့် ၈ ရက်နေ့တွင်သာ ပြုလုပ်ခဲ့ပြီး၊ ပထမနေ့တွင် ဥပဒေကြမ်း သုံးခု အဆိုတင်သွင်းခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်း တစ်ခုနှင့် ကယား စာပေ အတည်ပြုရေး ဆွေးနွေးခဲ့သည်။

oo-k-mg-oo-roks

“တခြားပါတီ ကိုယ်စားလှယ်လည်း မပါဘူး၊ နောက်ပြီးတော့ ကိုယ်စားလှယ်တွေက နည်းတယ်။ ဆွေးနွေးမှုက အားနည်းနေတယ်၊ ဝန်ကြီးတွေကလည်း သူတို့ပဲဆွေးနွေး သူတို့ပဲ ပြန်ဖြေဆိုတော့ အဆင်မပြေဘူး” ဟု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ယခုကျင်းပသည့် လွှတ်တော်တွင် ကယားပြည်နယ် သဘာဝ မြေသြဇာများ စနစ်တကျ ထုတ်လုပ်သုံးစွဲရေး ဥပဒေကြမ်း၊ ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေကြမ်း၊ ရေချိုငါးလုပ်ငန်း ဥပဒေကြမ်းတို့ ကို လွှတ်တော်မှ အတည်ပြုလိုက်ပြီး ဥပဒေ ပြန်ဌာန်းနိုင်ရေး ဆက်လက် ဆွေးနွေးသွားမည်ဟု သတင်းရရှိသည်။

ကယားပြည်နယ်ကုန် တင်ကုန်ချလုပ်ငန်း ဥပဒေကြမ်း တင်သွင်းခဲ့သည့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက “ဆွေးနွေးမှုရလဒ်က လက်ရှိမှာ ဥပဒေမူကြမ်းကိုတော့ အတည်ပြုပြီ။ အတည်ပြုပြီးရင် မြန်မာနိုင်ငံ ပြန်တမ်းမှာ ထုတ်ပြန်ပေး ရမယ်။ လွတ်တော် နောက်တစ်ကြိမ်မှာ ဥပဒေ ပြဌာန်းပေးဖို့ တင်ရမယ်။ အဲဒီအခါကျရင် ဥပဒေကို ပြဌာန်းဖို့ ထုတ်ပြန်မယ်”ဟု ပြောသည်။

၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ငွေ တောင်းခံခြင်း ကိစ္စအား ပြည်နယ် ဘဏ္ဍာရေး ဝန်ကြီးက ပြည်နယ် လွှတ်တော်သို့ တင်သွင်းခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်းအဖြစ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရီးချက်မှ လွိုင်ကော်မြို့နယ် ထေးသမကျေးရွာနှင့် ဒေါဆိုဘိကျေးရွာအတွက် ထရန်စဖောမာတစ်လုံး တပ်ဆင်ပေးခြင်း ရှိမရှိ မေးမြန်းခဲ့ရာ၊ လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးမှ အဓိက မီးမရရှိသေးသော ကျေးရွာ အတွက် ဦးစားပေး နေရသေးကြောင်း ဖြေကြားခဲ့သည်။

ဒုတိယနေ့တွင် ကြယ်ဖိုးကြီးစာပေကို အတည်ပြုနိုင်ရေး အဆိုကို တရားဝင် အတည်ပြုနိုင်ခဲ့ကြပြီး၊ စည်ပင်သာရေးနည်း ဥပဒေကြမ်းအဆိုကို အတည်ပြုနိုင်ရေး ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် မြို့ပြ စီမံကိန်း ရေးဆွဲနိုင်ရေး အဆိုကိုမူ လွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်ဟု ပြည်နယ်လွှတ်တော် ဒု-ဥက္တဌ ဦးအေးမောင်က ပြောသည်။

“လွှတ်တော်မှာ မှတ်တမ်းတင်တဲ့ စည်ပင်သာယာရေး နည်းဥပဒေတွေရယ်၊ လမ်းပမ်း ဆက်သွယ်ရေးက မြို့ပြ စီမံကိန်း ရေးဆွဲဖို့ လွိုင်ကော်မြို့နယ်နဲ့ ဘောလခဲမြို့နယ်၊ ဒါကမှတ်တမ်းတင်ရုံပဲ ရှိသေးတယ်။ ဘာမှတော့ လုပ်လို့မရသေးဘူး” ဟု ပြောသည်။

ပထမအကြိမ် ကယားပြည်နယ် လွှတ်တော် ပုံမှန်အစည်းအဝေးကို ရှစ်ကြိမ် ကျင်းပခဲ့ကြပြီး အရေးပေါ် အစည်းအဝေးကို နှစ်ကြိမ်၊ အထူးအစည်းအဝေး သုံး ကြိမ်ကျင်းပ ပြီးဖြစ်သည်။