ပါတီသို့ ဝင်လာသည့် လွှတ်တော် အမတ်များအား SNLD က ကြိုဆို တာဝန် ပေးအပ်

ပါတီသို့ ဝင်လာသည့် လွှတ်တော် အမတ်များအား SNLD က ကြိုဆို တာဝန် ပေးအပ်
by -
သျှမ်းသံတော်ဆင့်

သျှမ်း တိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ SNDP  မှ နှုတ်ထွက်ကာ သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD သို့ မိမိဆန္ဒ အလျောက် ဝင်ရောက် လာသော လွှတ်တော် အမတ် ၃ ဦးအား တာဝန်ပေး အပ်သည့် အခမ်း အနား တရပ်ကို ရန်ကုန်မြို့ရှိ SNLD ပါတီ ဗဟိုဌာနချုပ် ရုံးတွင် ပြုလုပ် ခဲ့သည်။

“ကျားဖြူပါတီကနေ ကျနော်တို့ ကျားခေါင်းပါတီထဲကိုဝင်လာတဲ့ လွှတ်တော်အမတ်တွေကို ကြိုဆို တယ်။ ဗဟို ဦးစီးအဖွဲ့ဝင်တွေအဖြစ် ရာထူးအပ်နှင်းတယ်။ ရှေ့လုပ်ငန်းစဉ်တွေ ကိုရှင်းလင်းပြောပြ တယ်။   မဲဆွယ်စည်း ရုံးရေး အကြောင်းတွေလည်းဆွေးနွေးခဲ့တယ်” ဟု SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က သျှမ်းသံတော်ဆင့် အား ပြောပြသည်။

SNLD-2014

ကျားဖြူပါတီမှ ယခုနှစ် မတ်ခ်ျလ ၂၇ ရက်နေ့က နှုတ်ထွက်၍  ကျားခေါင်းပါတီထဲသို့ ဝင်ရောက်လာသူ ၃ ဦးမှာ  ပြည်နယ်လွှတ်တော်အမတ်များဖြစ်ကြသည့် မိုင်းရယ် မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် စိုင်းစံဖေ ၊ ကျောက်မဲ မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် စိုင်းသန်းမောင်  ၊ မိုင်းတုံ မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် စိုင်းဝင်းမြတ်ဦး   တို့ဖြစ်သည်။

အဆိုပါ လွှတ်တော်အမတ် ၃ ဦးအား SNLD ပါတီဝင်အဖြစ် ကြိုဆိုခြင်း အခမ်းအနားကို စက်တင် ဘာလ ရ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ပြုလုပ်ရာ ပါတီဥက္ကဌကြီး ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် ဗဟိုအလုပ်အမှုဆောင် ၂၀ နီးပါး တက်ရောက်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေငြာခဲ့သည့် ကိစ္စ နှင့်ပတ်သက် ၍လည်း ပြောခွင့်ရ စိုင်းလိတ် က ဤသို့ ဆက်လက်ပြောဆိုသည်။

“၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ မပြင်သရွေ့တော့ မဝင် ဘူးလို့ ကျနော်တို့ အရင်ကတည်းကဆုံးဖြတ်ထားပြီးသားဘဲ။ ဘာလို့လဲဆိုတာ့ ရွေးကောက်ပွဲ ကိုကြည့် မယ်ဆိုရင်လည်း သူတို့ရဲ့ နည်းဥပဒေတွေ လုပ်ပုံလုပ်နည်းတွေက တိကျတာမရှိဘူး။ ကျနော် တို့ဘက် က သဘောမကျသေးဘူး။ နိုင်ငံရေးလည်းမဆွေးနွေးရသေးဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လည်း မအောင်မြင်သေးဘူး။ နိုင်ငံရေးဆွေးနွေး ပွဲပြီးမှ ရလာတဲ့ အဖြေတွေကို လွှတ်တော်ထဲမှာ သွား ပြင်ကြ မယ်။  ဒီကိစ္စတွေတခုမှမပြီးသေးဘဲနဲ့ ရွေးကောက် ပွဲ လုပ်မယ်ချည်း ဖြစ်နေရင်တော့ ရွေးကောက် ပွဲရဲ့ ရလဒ်ဟာ အနှစ်သာရရှိမှာမဟုတ်ပါဘူး။ ကျနော်တို့ SNLD ကတော့ ရွေးဖို့လမ်းရှိနေသေးတယ် ဆိုရင်တော့ ကြားဖြတ်ရွေးကောက်ပွဲဘဲဖြစ်ဖြစ် ၂၀၁၅ ရွေးကောက်ပွဲ ဘဲဖြစ်ဖြစ် ပါဝင်ဖို့ စိတ်မဝင် စားဘူး။” ဟုဆိုသည်။

သျှမ်းသံတော်မှ သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ကျားဖြူပါတီဝင် ၁၀၀ ကျော်သည် ပါတီမှနှုတ်ထွက်ပြီး ကျားခေါင်းပါတီသို့ဝင်ရန် တာစူနေကြသည်ဟု ဒေသတွင်းသတင်းများက ဆိုပါသည်။ အလားတူ မိုင်းကိုင်မြို့နယ်တွင်လည်း  ကျားဖြူပါတီဝင်များ ပါတီမှနှုတ်ထွက်ရန် စီစဉ်နေကြသည်ဟုလည်းဆိုသည်။

Most read this week