ရှမ်းပြည်နယ်တွင်း ဆီလီကွန်သတ္တုထုတ်လုပ်မှု ရပ်ဆိုင်းရန် တောင်းဆို

ရှမ်းပြည်နယ်တွင်း ဆီလီကွန်သတ္တုထုတ်လုပ်မှု ရပ်ဆိုင်းရန် တောင်းဆို
by -
မဇ္စျိမ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ဆီလီကွန် သတ္တု ထုတ်လုပ်မှုများ ရပ်ဆိုင်းရန် ရှမ်းလူထု အခြေပြု အဖွဲ့အစည်းများက စက်တင်ဘာလ ၈ ရက်တွင် တောင်းဆိုလိုက်သည်။

 စစ်မှန်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး မရသရွှေ့ တိုင်းရင်းသားဒေသများတွင် သံယံဇာတ ထုတ်ယူမှု ရပ်တန့်ရန် အရေးပေါ်လိုအပ်ကြောင်း ရှမ်းအဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ရှမ်းလူမှုအခြေပြု အဖွဲ့အစည်းများက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံက စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးပွဲတွေလုပ်နေတယ်။ နိုင်ငံတကာက ပြောင်းလဲနေပြီလို့ ထင်ကြတယ်။ အမှန်တကယ် လူထုအတွက် တိုးတက်မှုတွေ၊ ကောင်းကျိုးတွေ လုပ်ပေးတာ မဟုတ်ဘူး။ စစ်မှန်တဲ့ အပြောင်းအလဲ ရချင်တယ်ဆိုရင် လူထုတွေရဲ့ အသံနားထောင်ရမယ်။ အဲဒီလိုဆက်လုပ်ဆောင်နေတာ လူ့အခွင့်အရေးချိုးဖောက်မှုကို အားပေးရာကျတယ်။ ဆင်းရဲမွဲတေမှုကို အားပေးရာကျတယ်”ဟု ရှမ်းလူထုအခြေပြုအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ နန်းမွေနွမ်ဟွမ်က ပြောသည်။

စက်တင်ဘာလ ၅ ရက်က နမ့်ခမ်းမြို့ လယ်သမားများ၏ တောင်းဆိုမှုကို ထပ်မံ တောင်းဆိုလိုက်ခြင်း ဖြစ်ပြီး နိုင်ငံရေး ပြပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ပြီးသည့် အချိန်ထိ တိုင်းရင်းသား ဒေသများရှိ သံယံဇာတ ထုတ်လုပ်မှုများ အမြန်ဆုံး ရပ်ဆိုင်းရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်သူက ပြောသည်။

ဆန္ဒပြကော်မတီမှ နမ့်ခမ်းမြို့ အုပ်ချုပ်ရေးမှူးထံ သွားရောက်၍ သတ္တုတွင်းတူးဖော်ရေး ရပ်ဆိုင်းရန် တောင်းဆိုခဲ့ရာ အုပ်ချုပ်ရေးမှူးမှ ခေတ္တ ရပ်ဆိုင်းရန်သာရှိပြီး လုံးဝ ရပ်ဆိုင်းရန် ပြောဆိုခွင့် မရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု သူက ဆိုသည်။

သတ္တု တူးဖော်ရေးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများသည် လယ်ယာမြေ ဧက ၁၀၀ ခန့် ပျက်ဆီးခဲ့ပြီး သတ္တုတူး ဖော်ရေး လုပ်ငန်းကြောင့် သောက်သုံးရေအတွက် ကျေးရွာ ၉ ရွာမှ ဒေသခံ ၆၀၀၀ ကျော် မှိခိုနေသည့် နမ့်ဆီးရီးချောင်း ညစ်ညမ်းလာကာ ရေစီးဆင်းမှု ပိတ်ဆို့ခြင်း၊ လမ်းများ ပျက်စီးခြင်းနှင့် ပတ်ဝန်းကျင်ရှိ လယ်ယာမြေများ ရေလွမ်းခြင်း၊ သီးနှံနှင့် ရေစီးရေလာများ ပျက်စီးစေသည်ဟု သူက ဆိုသည်။

“သတ္တုတူးတဲ့လုပ်ငန်းကြောင့် လယ်ယာမြေတွေ ပျက်စီးတယ်။ သူတို့ တူးပြီးတော့ ပုံထားတဲ့ သဲတွေက မိုးရွာကျတော့ သဲတွေ ပြိုကျတယ်။ ချောင်းထဲကို မျောလာပြီးတော့ ချောင်းတွေ ပိတ်တယ်။ ရေလျှံပြီးတော့ ဘယ်ဟာကလမ်း၊ ဘယ်ဟာက ချောင်းမှန်းမသိဖြစ်တယ်။ သဲတွေ ဖုံးလို့ လယ်ယာတွေ လုပ်လို့မရဘူး”ဟု သူက ဆက်လက် ပြောဆိုသည်။

ထို့ပြင် သတ္တုများကို တရုတ်နိုင်ငံသို့ ၁၀ ဘီးကားများဖြင့် သယ်ယူနေသဖြင့် လူနေအိမ်များ ဖြတ်သန်းသွား သည့်အတွက် လမ်းများ ပျက်စီးခြင်း၊ ဖုန်ကြောင့် လေထုညစ်ညမ်းခြင်းနှင့် ယာဉ်တိုက်မှုများကြောင့် ရွာသားများ၏ အသက် ခြိမ်းခြောက်စေသည့် ဖြစ်ရပ်များ ဖြစ်ပွားလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နမ့်ခမ်းမြို့နယ် လယ်သမားများက သတ္တုတူးဖော်မှုကို အမြန်ဆုံး ရပ်ဆိုင်းပေးရန်၊ ပျက်ဆီးသွားသော လယ်ယာမြေများအတွက် ထိုက်တန်သော လျော်ကြေးပေးရန်၊ ချောင်းနှင့် ပတ်ဝန်းကျင် လယ်ကွင်းများကို နဂို မူလအနေအထားသို့ ပြန်လည် ရောက်ရှိစေရေးအတွက် လုပ်ဆောင်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းကလည်း လယ်သမား ၅၉၀၀ ခန့်မှာ  နေပြည်တော်ရှိ သက်ဆိုင်ရာ အစိုးရဌာနများသို့ သတ္တုတူးဖော်ရေးလုပ်ငန်းကို ရပ်တန့်ပေးရန် က်မှတ်ရေးထိုး တောင်းဆိုခဲ့ပြီးနောက် ရှမ်းပြည်နယ် သတ္တုတွင်း ဝန်ကြီး စိုင်းအိုက်ပေါဝ်းက ထိခိုက်ပျက်ဆီးမှုများကို လာရောက် စစ်ဆေးခဲ့ပြီး ကုမ္ပဏီများကို ရပ်တန့်ရန် ညွန်ကြားခဲ့သော်လည်း ဆက်လက် လုပ်ဆောင်နေသည်ဟု သိရသည်။

 ၂၀၁၂ ခုနှစ်က နမ့်ခမ်းမြို့နယ် အရှေ့တောင်ဘက် တောင်တန်းများတွင် ဆီလီကွန် သတ္တုကို ကုမ္ပဏီ ၆ ခုက တူးဖော်ခဲ့ပြီး ၎င်းသတ္တုများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးဟောင်း ဦးအောင်သောင်းနှင့် ပတ်သက်သော ဂျီအက်စ်အမ် ကုမ္ပဏီက အဆိုပါ သတ္တတူးဖော်ရေးလုပ်ငန်းကို ပထမဆုံး စတင်ခဲ့သည်ဟု သိရသည်။

လက်ရှိ အစိုးရ၏ ပြည်သူ့စစ်များ၏ အကာအကွယ်ဖြင့် ဆီလီကွန် သတ္တုတူးဖော်မှုကို ကုမ္ပဏီများမှာ မြန်မာ့မြှားဦး၊ ငွေကမ္ဘာကျော်နှင့် ပန်းသစ္စာ ကုမ္ပဏီများ လုပ်ကိုင်နေသည်ဟု သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်း အစိုးရနှင့် ကချင်၊ တအာင်းနှင့် ရှမ်းတော်လှန်ရေး အဖွဲ့အစည်းများ ဒေသအသို့ အစိုးရ စစ်တပ်က ထိုးစစ်ဆင်မှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

သတ္တုတူးဖော်ရေး လုပ်ငန်းချက်များသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ထိခိုက်ပျက်စီးမှုများအတွက်  ဒေသခံလူထုကို အကာအကွယ်ပေးရန် ပျက်ကွက်ခြင်း၊ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် သဘောဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်း အပါအဝင် သံယံဇာတ တူးဖော်ရေး စီမံကိန်းများနှင့် ဆက်စပ်နေသည့် လုံခြံုရေးအတွက် စစ်အင်အား တိုးချဲ့ချထားခြင်းများကို ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများက အထူးစိုးရိမ်ကြောင်း ဖော်ပြထားသည်။