ရခိုင်အမျိုးသားပါတီညီလာခံဖွင့်ပွဲ သံတွဲမြို့သမိုင်းဝင်အောင်မြေတွင် ပြုလုပ်မည်

ရခိုင်အမျိုးသားပါတီညီလာခံဖွင့်ပွဲ သံတွဲမြို့သမိုင်းဝင်အောင်မြေတွင် ပြုလုပ်မည်
by -
နိရဥ္စရာ

THANDWEရခိုင်အမျိုးသားပါတီ ANP ၏ ပထမဆုံးအကြိမ် ပါတီ ညီလာခံဖွင့်ပွဲကို သံတွဲမြို့ သမိုင်းဝင် အောင်မြေနေရာ တစ်ခု ဖြစ်သော လေးမျက်နှာကုန်းတွင် ကျင်းပ ပြုလုပ်သွားမည် ဟု သတင်း ရရှိသည်။

သံတွဲမြို့တွင် ရောက်ရှိနေကြသော ပါတီခေါင်းဆောင်များနှင့် ညီလာခံကျင်းပရေး ကော်မီတီဝင်များက ယင်းသမိုင်းဝင်နေရာတွင် ကျင်းပရန် စက်တင်ဘာလ ၆ ရက်မှ ရ နေ့က ပြုလုပ်ခဲ့သော  ငပလီ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ယင်းနေရာတွင် ကျင်းပရန် ညီလာခံကျင်းပရေး ကော်မီတီက ဆုံးဖြတ်လိုက်ကြောင်းကို ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက ယခုလို ပြောသည်။

ဦးခိုင်ပြည်စိုးက “သံတွဲမှာ လေးမျက်နှာကုန်းဆိုတာ အထင်ကရ သမိုင်းဝင် နေရာတစ်ခုဖြစ်သလို အောင်မြေလို့လည်း ဒေသခံတွေက ပြောကြတယ်။ အဲဒါကြောင့် သံတွဲဒေသခံတွေရဲ့ ဆန္ဒနဲ့ အညီ ပါတီ ညီလာခံ ဖွင့်ပွဲကို လေးမျက်နာကုန်းမှာ ပြုလုပ်လုပ်ဖို့  ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ဆိုသည်။

ရခိုင်အမျိုးသားပါတီ ပထမအကြိမ် ညီလာခံကို လာမည့် စက်တင်ဘာလ ၂၅ ရက်မှ ၂၉ ရက်နေ့ထိ သံတွဲမြို့တွင် ကျင်းပရန် စီစဉ်နေပြီး ယင်းညီလာခံသို့ ပါတီ ကိုယ်စားလှယ် ၃၀၀ နီးပါးခန့် တက်ရောက်မည်ဟု သိရသည်။

ယခုအခါ သံတွဲမြို့သို့ ပါတီခေါင်းဆောင်များဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်၊ ဦးလှစော၊ ဦးလှမြင့်၊ ဦးခိုင်ပြည်စိုးတို့ အပါအဝင် တခြားပါတီ ထိပ်ပိုင်းခေါင်းဆောင်များရောက်ရှိနေကြပြီး ပါတီညီလာခံ အောင်မြင်စွာ ကျင်းပနိုင််ရေးအတွက် အစီအစဉ်များ ချမှတ် ဆောင်ရွက်နေကြသည်ဟု ဦးခိုင်ပြည်စိုးက ဆိုသည်။

ယခု ရခိုင်အမျိုးသားပါတီ ညီလာခံ ကျင်းပမည့် သံတွဲမြို့မှာ အစဉ်အဆက် ရခိုင်နိုင်ငံရေးပါတီများ အားကြီးသော ဒေသတစ်ခု မဟုတ်ခဲ့သည်သာမက ရခိုင်နိုင်ငံရေးပါတီများ တစ်ကြိမ်တစ်ခါမျှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းမရှိခဲ့ဖူးကြောင်း သိရသည်။

သို့သော်လည်း ပြောင်းလဲလာသော ခေတ်စနစ် အခြေအနေများကြောင့် လူထု၏ အမြင်သဘောများ ပြောင်းလဲလာပြီး အမျိုးသားညီညွတ်ရေးကို ရှေ့ရှူ့လာကြရာမှ သံတွဲဒေသမှာ ယခုအခါ ရခိုင်အမျိုးသားပါတီ၏ အားကောင်းသော ဒေသတစ်ခု ဖြစ်လာနေသည်ဟု သိရှိရသည်။

Most read this week