ရန်ကုန်တိုင်းတွင်နေသည့် ပြည်သူ ခုနှစ်သန်း သယ်ယူပို့ဆောင်ရေးအခက်အခဲများ လျင်မြန်စွာ ဖြေရှင်းနိုင်ရန် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ တစ်ခုတည်းဖြင့် ဆောင်ရွက်၍ အဖွဲ့ တစ်ခုဖွဲ ့၍ စနစ်တကျစီမံရန် လိုအပ်နေသည်ဟု ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။
“အများပြည်သူ သယ်ယူပို့ဆောင်နိုင်ရေးအတွက် လျင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ဖို့နဲ့ ဆုံးဖြတ်နိုင်ဖို့ အဖွဲ့လိုတာ မှန်ပါတယ်”ဟု ဦးလှအောင်က သုံးသပ်သည်။ ယင်းအရေး ဖြေရှင်းရန် မထသသည် အာဏာပိုင်အဖွဲ့မဟုတ်ဘဲ ပုဂ္ဂလိကပိုင်ယာဉ်များကို စီမံခန့်ခွဲသည့် အဖွဲ့သာဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
ဦးလှအောင်က “အခုမှ ဦးရေတိုးလာလို့ ဘာမလုပ်၊ ညာမလုပ်ဘူးလားလို့ ပြောလို့ မရပါဘူး၊ နောက်တစ်ခုက မထသဆိုတာက အာဏာပိုင်မဟုတ်တဲ့အပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့အောက်က လမ်းညွှန်မှုနဲ့လုပ်နေတာပါ”ဟု ပြောသည်။
၂၀၁၀ ပြည့်နှစ် မထသစာရင်းများအရ ရန်ကုန်မြို့နေ ပြည်သူ ၂ ဒသမ ၂ သန်းကို ယာဉ်စီးရေ ၆,၀၀၀ ကျော်ဖြင့် သယ်ယူပို့ဆောင်နေသည်ဟု ဆိုသည်။ ယခု ပြည်လုံးကျွတ်သန်းခေါင် စာရင်းအရ ရန်ကုန်မြို့တွင် ပြည်သူ ခုနစ်သန်းကျော် နေထိုင်သည်ဟု ပေါ်ထွက်လာ ပြီဖြစ်သည်။
သို့သော် ယင်းစာရင်းအနက် မည်သည့်ပမာဏမျှ အများသုံး သယ်ယူပို့ဆောင်ရေးစနစ် အသုံးပြုနေသည်ကို ပြန်လည်စိစစ်ထားသည့်စာရင်း မထသတွင်လည်း မရှိသေးပေ။ မြန်မာ့မီးရထား အောက်မြန်မာပြည်ရုံး၏ စာရင်းများအရ မြို့ပတ်ရထားစနစ်အတွင်း နေ့စဉ်စီးနင်းသူ ပြည်သူ တစ်သိန်းသာရှိသည်။
လက်ရှိတွင်မူ ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်အတွက် မည်သို့ဖြေရှင်း မည်ဆိုသည့် ညွှန်ကြားချက်မျိုး မရသေးဟု မထသဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ရန်ကုန်မြို့နေပြည်သူ အချို့ကမူ သယ်ယူပို့ဆောင်ရေးစနစ် မကောင်းသည့်ဒဏ်ကို နေ့စဉ်ကြံုနေရသည်ဟု ပြောသည်။
“လိုင်းကားတွေက အထူးပဲဖြစ်ဖြစ်၊ ရိုးရိုးပဲဖြစ်ဖြစ် အကုန်လုံးက ရုံးဆင်းချိနရယ် ရုံးတက်ချိန်ရယ်က ကျပ်တာပဲ။ လိုင်းကားနဲ့ အောက်ဆိုက်ကားက ထူးတော့ မထူးပါဘူး။ လိုင်းကားတွေကလည်း တောင်းချင်သလောက် တောင်းတာပဲ”ဟု ယုဇနဥယျာဉ်မြို့တော်နေ ပုဂ္ဂလိကဝန်ထမ်း ဒေါ်ဇင်မာက ဆိုသည်။
သမ္မတကမူ ၂၀၁၃ ခုနှစ်၊ မေ ၁၄ တွင် အငြိမ်းစားဝန်ထမ်းတို့ပါ ထည့်သွင်းဖွဲ့စည်းထားသည့် ရန်ကုန်မြို့ အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းပေးဖူးသည်။ သို့သော် မည်သည့်အကြောင်းမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ မကြာမီပင် ပြန်လည်ဖျက်သိမ်းခဲ့သည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ယင်းအရေး ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း မရခဲ့ပေ။