ဥပဒေပညာရှင်နည်း၍ ကယားလွှတ်တော် နည်းဥပဒေ ပြဌာန်မှု နှောင့်နှေး ဟုဆို

ဥပဒေပညာရှင်နည်း၍ ကယားလွှတ်တော် နည်းဥပဒေ ပြဌာန်မှု နှောင့်နှေး ဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်တွင် ဥပဒေပညာရှင် အင်အားနည်းပါးသည့် အတွက် လွှတ်တော်တွင် နည်းဥပဒေများ ရေးဆွဲနိုင်ရေးအတွက် နှောင့်နှေး ကြန့်ကြာမှုများ ရှိနေကြောင်း သတင်းရရှိသည်။

ဥပဒေကြမ်း ရေးဆွဲအတည်ပြုမှုများ ရှိပြီးဖြစ်သော်လည်း နည်းဥပဒေဆိုင်ရာနှင့် ပတ်သက်၍ ကယားပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ တစ်ခုတည်းသာ ရေးဆွဲနိုင်သေးကြောင်း ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဦးအေးမောင် ကပြောသည်။

ဦးအေးမောင်က “ကျွန်တော်တို့က တရားသူကြီးတွေနဲ့ စာရင်းစစ်ချုပ်တွေနဲ့ပါ ခေါ်ပြီးတော့ ဥပဒေတွေကို ကျတော်တို့ သတ်မှတ်လိုက်တာ ဘယ်ဟာနဲ့ လွတ်လဲ မလွတ်ဘူးလဲ၊ ဘယ်ဟာနဲ့ ကိုက်မကိုက် အဓိကကတော့ ကယားပြည်နယ်နဲ့ ကိုက်ဖို့ပါပဲ။ ပညာရှင်တွေ လိုအပ်တယ်။ ခုလောလောဆယ်က ခုနကပြောတဲ့ နည်းဥပဒေ တစ်ခုပဲ ရှိသေးတယ်”ဟု ပြောသည်။

နည်းဥပဒေဆိုင်ရာ ကော်မတီဥက္ကဌ ဦးရီးချက်က “နည်းဥပဒေ အသစ်တွေကို ရေးဆွဲဖို့ အများကြီး လိုအပ်ပါသေးတယ်။ ကျနော်တို့ နည်းဥပဒေ ဖွဲ့စည်းမှုမှာက ခုနှစ်ဦး လောက်ရှိတယ်ပေ့ါ”ဟု ပြောသည်။

စက်တင်ဘာလ ၅ ရက်နေ့ ပြည်နယ်လွှတ်တော် ပုံမှန်အဋ္ဌမအကြိမ် အစည်းအဝေးတွင် စည်ပင်သာယာရေး ဥပဒေများ ရေးဆွဲနိုင်ရန် ဆွေးနွေးသွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ယခု လွှတ်တော် အစည်းအဝေးတွင် ဓါတ်မြေသြဇာ စနစ်တကျသုံးစွဲမှု ဥပဒေကြမ်း၊ ရေချိုငါးလုပ်ငန်း ဥပဒေကြမ်း၊ အပန်းဖြေစခန်းနှင့် တိရိစ္ဆာန် ဥယျာဉ်များ တည်ဆောက်ရေး ဥပဒေကြမ်း၊ အလုပ်သမားများနှင့် အလုပ်ရှင်အတွက် ဥပဒေကြမ်းများ ဆွေးနွေးသွားရန်ရှိကြောင်း ဦးရီးချက်က ပြောသည်။

"မြေသြဇာကတော့ တန်ဖိုးနည်း မြေသြဇာတွေ သုံးလို့ မြေဆီလွှာ ပျက်စီးသွားတာတို့၊ နောက်ပြီး မြေသြဇာ သုံးလွန်းတာတို့ ဆိုးကျိုး ကောင်းကျိုး တွေပေါ့နော်။ ရေချိုငါးလုပ်ငန်း တွေကျတော့ ကျွန်တော်တို့ ဖက်မှာတော့ရေတော့ ရှားတာပေါ့၊ ငါးမွေးမြူရေးတို့ ငါးကန်တို့ သူတို့အတွက်လည်း ဥပဒေတွေ လိုအပ်တာပေါ့။ ဥပဒေဆိုတာ မြေနဲ့ဆိုင်တဲ့ ဥပဒေတွေ နောက်ပြီး သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေက အစပေါ့" ဟုပြောသည်။

ကယားပြည်နယ် လွှတ်တော်တွင် မီးဘေး သဘာဝဘေးအန္တရာယ် ဥပဒေ၊ သဘာဝဘေးမဲ့ သစ်တော ဥပဒေ၊ ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေ၊ ကျေးရွာ ထင်းစိုက်ခင်း ဥပဒေ၊ ကယား ပြည်နယ်ဆိုင်ရာ ယစ်မျိုးစီမံကိန်း ဥပဒေကြမ်း၊ ပြည်နယ်အတွင်း ထွက်ရှိသော သယံဇာတ တွင်းထွက်များ စီမံကိန်းဥပဒေ၊ စည်ပင်သာယာရေး ဥပဒေ စသည့် ဥပဒေကြမ်းများ ရေးဆွဲဲပြီး ဖြစ်သည်ဟု သိရသည်။