ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပထမဆုံးညီလာခံတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းရန်နှင့် KNU၏ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းသည့် စာအပေါ် တရားဝင်အကြောင်းပြန်ကြားရန် အပါအဝင် အချက် ၆ ချက် ဆုံးဖြတ်ခဲ့သည်ဟု စက်တင်ဘာ ၃ရက် နံနက်က ချင်းမိုင်မြို့တွင် ညီလာခံနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ UNFC ၏ အထွေထွေ အတွင်းရေးမှူး ဦးခူးရယ်က ပြောသည်။
UNFC အဖွဲ့ဝင်သစ်အဖြစ် မြန်မာနိုင်ငံ အမျိုးသားမဟာမိတ်တပ်မတော် MNDAA (ကိုးကန့်အဖွဲ့) ကို အဖွဲ့ဝင်အဖြစ်ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။
ညီလာခံတွင် UNFC၏ သုံးနှစ်ခွဲကျော်ကာလအတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များကို သုံးသပ်တင်ပြခြင်း၊ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဖြစ်မြောက်ရေး ဆက်လက်ဆောင်ရွက်ရန် အပါအဝင်၊ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ရေးအတွက် လက်တွဲဆောင်ရွက်ရန်လည်း ဆုံးဖြတ်ခဲ့သည်။
KNUက UNFCအဖွဲ့ဝင်အဖြစ်မှ ယာယီ နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ " သူတို့ ဗဟိုကော်မတီဝင် အစည်းအဝေးပြီးရင် UNFC အဖွဲ့ဝင် အဖြစ် ပြန်လည် ဝင်လာဖို့အတွက် ကျွန်တော်တို့ အမြဲတမ်းကြိုဆိုတယ်။ အဲဒီလိုလည်း လုပ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဆုံးဖြတ်တာရှိပါတယ်"ဟု UNFC ၏ အထွေထွေအတွင်း ရေးမှူး ဦးခူးရယ်က ပြောသည်။
ထို့ပြင် KNU ၏ ဗဟိုကော်မတီနှင့် ပြန်လည်ညှိနှိုင်းကာ တပ်ပေါင်းစုအဖြစ် ပြန်လည်ပေါင်းစည်းရန် မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ညီလာခံသို့ ပေးပို့သည့် သဝဏ်လွှာကိုလည်း မှတ်တမ်းတင်ထားသည်ဟု ၎င်းက ပြောသည်။
KNUကို ဒု-ဥက္ကဋ္ဌအဖြစ် လျာထားခြင်းနှင့် ပတ်သက်၍ UNFC ဒုဥက္ကဋ္ဌ (၁) နိုင်ဟံသာက "သူတို့သဘောထား အကဲခတ်မိတလောက်ဆိုရင် ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် ကွန်ကရက်မှာ တော်လှန်ရေး အင်အားစုတွေ စုစုစည်းစည်းနဲ့ ရပ်တည်မှပဲ အောင်ပွဲနဲ့ နီးစပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပါတယ်။ အဲဒီ ဆုံးဖြတ် ချက်အရ ဗဟိုကော်မတီတွေ စည်းဝေးထိုင်ပြီး ကျွန်တော်တို့ UNFC နဲ့ ပြန်ပြီး ပူးပေါင်းမယ်လို့ ခန့်မှန်းပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လျာထားခြင်းဖြစ်ပါတယ်"ဟု ပြောဆိုသည်။
UNFC ခေါင်းဆောင်ရွေးချယ်မှုနှင့် ပတ်သက်၍ လာမည့် ၂၀၁၄ခုနှစ်မှ ၂၀၁၆အထိ တာဝန်ယူမည့် ခေါင်းဆောင်ကို ဒီမိုကရေစီကျကျ လျို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့သည်ဟု ဦးခူးရယ်က ဆက်ပြောသည်။
UNFC ၏ ဥက္ကဋ္ဌအဖြစ် KIOမှ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ (၁) နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ)၊ ဒုဥက္ကဋ္ဌ (၂) KNU ကိုယ်စားလှယ်၊ အထွေထွေ အတွင်းရေးမှူး ဦးခူးရယ်(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ)၊ တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဘက် အတွင်းရေးမှူး(၂) ဆလိုင်းထလာဟေး (ချင်းအမျိုးသားတပ်ဦး)တို့ကို ရွေးချယ်ခဲ့သည်။
ညီလာခံကို ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီထိ ခုနှစ်ရက်ကြာ ကိုယ်စားလှယ် ၉၀ ဦးတက်ရောက် ဆွေးနွေးကျင်းပခဲ့ကြသည်။ သို့သော် သြဂုတ်လ ၂၉ နှင့် ၃၀ရက် နှစ်ရက်ကြာ ပြည်တွင်းမှ နိုင်ငံရေးဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
UNFC ၏ ပထမဆုံး ညီလာခံသို့ အဖွဲ့ဝင် ကိုယ်စားလှယ်များ အားလုံး တက်ရောက်ခဲ့သလို၊ ဆက်စပ် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသဖြင့် စုစည်းညီညွတ်မှု ရှိခဲ့မှုများကို ပြည်သူလူထုကိုလည်း အသိပေးလိုကြောင်း နိုင်ဟံသာက ပြောဆိုသည်။
UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက တိုင်းရင်းသား ညီလာခံကြီးမှ စတင်ဖွဲ့ခဲ့ခြင်း ဖြစ်သည်။