UNFC အဖွဲ့ဝင်သစ်များလက်ခံကာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုသို့ ဦးတည်ရန် ဆွေးနွေးခဲ့

UNFC အဖွဲ့ဝင်သစ်များလက်ခံကာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုသို့ ဦးတည်ရန် ဆွေးနွေးခဲ့
by -
ကေအဲန်ဂျီ

မြန်မာနိုင်ငံ အမျိုးသားမဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့ကို ညီညွတ်သော  တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ တရားဝင် အဖွဲ့ဝင်အဖြစ် သဘောတူ ဆုံးဖြတ်ချက်များအပါအဝင် အချက် ၆ ချက်ကို ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု UNFC ခေါင်းဆောင်များက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော  ပထမဆုံးအကြိမ် UNFC ၏ ညီလာခံကို သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်နေ့ထိ ခုနှစ်ရက်ကြာကျင်းပပြီးနောက် စက်ဘင်ဘာလ ၃ ရက်နေ့တွင်သတင်းစာရှင်းလင်း ပွဲကျင်းပခဲ့ခြင်း ဖြစ်သည်။

UNFC-press-conference-Nai-Han-Ta

သုံးနှစ်ခွဲကြာ လုပ်ဆောင်ခဲ့သော အစီရင်ခံစာများအား သုံးသပ်ကာ အတည်ပြုခြင်း၊ ယာယီအဖွဲ့ဝင်အဖြစ် လက်ခံထားသော MNDAA ကို တရားဝင် အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ခြင်း၊ NCCT အနေဖြင့်တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆက်လက်ဆောင်ရွက်ရန်၊ KNU မှ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းကြောင်း ညီလာခံသို့ ပေးပို့သော စာအပေါ် UNFC မှ တရားဝင် စာပြန်ရန် အပါအဝင် အချက် ၆ချက်ကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ညီလာခံမှာက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ လက်မှတ်ထိုးမယ်။ မထိုးဘူးဆိုတာ ဆွေးနွေးပါတယ်။ ဒါပေမဲ့ တိကျတဲ့ဆုံးဖြတ်ချက်တွေတော့ မချဘူး။ နိုင်ငံရေးအရ UNFC တဖွဲ့တည်းသွား မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အကြမ်းဖျဉ်း သဘောထားကျထားတာက သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ဖြစ်ဖို့ ဦးတည်နေပါတယ်” ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က ပြောသည်။

သို့သော် UNFC ၏ အဖွဲ့ဝင်အဖြစ် လျှောက်ထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မူ လက်ခံခြင်း မရှိသေးပေ။

ထို့ပြင် KNU အနေဖြင့် ဗဟိုကော်မတီနှင့် ညှိနှိုင်းဆုံးဖြတ်ချက်ချကာ တပ်ပေါင်းစုသို့ ပြန်လည် ပေါင်းစည်းရန် အတွက် လက်ခံ စောင့်မျော်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်မှ ညီလာခံသို့ ပေးပို့သောသဝဏ်လွှာကို မှတ်တမ်းတင်ထားကြောင်း သူက ဆက်ပြောသည်။

“သူတို့ ဗဟိုကော်မတီဝင် အစည်းအဝေးပြီးရင် UNFC အဖွဲ့ဝင် အဖြစ် ပြန်လည် ဝင်လာဖို့အတွက် ကျနော်တို့ အမြဲတမ်း ကြိုဆိုတယ်။ အဲဒီလိုလည်း လုပ်မယ်လို့ မျော်လင့်တဲ့အကြောင်းဆုံးဖြတ်တာရှိပါတယ်” ဟု ခူးဦးရယ်က ပြောသည်။

UNFC က ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ စည်းလုံး ညီညွတ်မှုကို ခိုင်မာစေရန် သံဓိဌာန်ချမှတ်ပြီး အဖွဲ့ဝင် အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရေးကို သတိကြီးစွာဆောင်ရွက်ခဲ့သလို၊ အဖွဲ့ဝင်နှင့် ဆက်စပ်အဖွဲ့အစည်းများနှင့်လည်း ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်ဟု စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT သည် UNFC ၏ အဖွဲ့ဝင် အဖွဲ့အစည်းနှင့် ဆက်စပ်အဖွဲ့ အစည်းများနှင့် ဖွဲ့စည်းထားသော အလုပ်အဖွဲ့ဖြစ်ပြီး UNFC ၏ ချမှတ်ထားသောမူဝါဒများနှင့်အညီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ပထမဆုံးအကြိမ် ညီလာခံအတွင်း အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအကြား လက်ရှိ ဆွေးနွေးနေမှုကို အဓိက ဆွေးနွေးဆုံးဖြတ်ချက်များ တညီတညွတ် ချမှတ်နိုင်ခဲ့သည်ဟု UNFC ၏ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

“ကျနော်တို့နိုင်ငံနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ အခြေအနေတွေ သုံးသပ်တယ်။ အဲဒီအပေါ် အခြေခံပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တဲ့နေရာမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့၊ တပ်ပေါင်းစုအရေးကို သုံးသပ်တယ်။ အဓိက တော်လှန်ရေး အင်အားစုနဲ့ အစိုးရကြားမှာ နိုင်ငံရေးဆွေးနွေးနေတဲ့ကိစ္စကို ဇောင်းပေးပြီးတော့ တင်ပြ ဆွေးနွေးကြပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေ ပိုမို မြန်ဆန်ထိရောက်အောင်မြင်လိမ့်မယ်လို့မြင်တယ်” ဟု ပြောသည်။

UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက တိုင်းရင်းသား ညီလာခံကြီးမှ စတင်ဖွဲ့ခဲ့သည်။ ပထမဆုံး ညီလာခံသို့ UNFC ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင် အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတ ီ(MNSP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PSLF/TNLA)၊ ဝ အမျိုသား အစည်း အရုံး (WNO)နှင့် မြန်မာနိုင်ငံ အမျိုးသား မဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့တို့ တက်ရောက်ခဲ့သည်။

ဆက်စပ်အဖွဲ့ဝင်များ ဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်တပ်မတော် (AA)နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA-PC တို့မှ ကိုယ်စာလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ ခုနှစ်ရက်ကြာ ကျင်းပသော ညီလာခံတွင် ကိုယ်စားလှယ်ပေါင်း ၉၀ ဦး တက်ရောက် ဆွေးနွေးခဲ့ကြပြီး သြဂုတ်လ ၂၉ နှင့် ၃၀ ရက် နှစ်ရက်ကြာ ပြည်တွင်းမှ နိုင်ငံရေးဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်တွင်း နိုင်ငံရေး အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

Most read this week