ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD အမတ်လောင်းလျှောက်လွှာတင်သူများတွင် ပါတီဝင် မဟုတ်သူများပါဝင်

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD အမတ်လောင်းလျှောက်လွှာတင်သူများတွင် ပါတီဝင် မဟုတ်သူများပါဝင်
by -
မဇ္စျိမ

လာမည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ပါတီမှ ဝင်ရောက် အရွေးခံလိုသည်ဟု လျှောက်လွှာတင်သူများထဲတွင် ပါတီဝင် မဟုတ်သည့် အပြင်လူများလည်း ပါဝင်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

ပြည်နယ်နှင့်တိုင်း၊ ခရိုင် အဆင့်အဆင့်မှ နောက်ဆုံး အဆိုပြုရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်း လျှောက်လွှာများကို စက်တင်ဘာ ၁ ရက် အထိ လက်ခံခဲ့ပြီး လစ်လပ်မဲဆန္ဒနယ်မြေများရှိ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများက ရွေးချယ်ထားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

"ကရင်ပြည်နယ်ကတော့ လစ်လပ်မဲဆန္ဒနယ် တစ်နေရာပဲရှိတော့ လျှောက်လွှာတင်တဲ့သူ သုံးဦးပဲရှိတယ်။ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာတွေထဲမှာ ပါတီကမဟုတ်တဲ့ အပြင်လူတွေလည်း ပါတယ်" ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

ပါတီဝင်မဟုတ်သူများ ပါဝင်နိုင်သည်ဟု သီးသန့် ကြေညာထားခြင်းမရှိဘဲ လျှောက်ထားသူများအနက် အရည်အချင်းရှိသူများကို ထည့်သွင်းစဉ်းစားမည်ဟု NLDပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ဦးက ပြောသည်။ သို့သော် ဦးရေမည်မျှ ပါ၀င်သည်ကိုမူ မဇ္စျိမက မသိခဲ့ရပေ။

ဦးမောင်မောင်ဦးက"  အပြင်လူတွေအတွက် သီးသန့်စည်းကမ်းချက်တွေ သတ်မှတ်ထားတာမရှိပါဘူး၊ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက် အတိုင်းပါပဲ"ဟု ပြောသည်။

NLD ကိုယ်စားလှယ်လောင်း စီစစ်ရေး ကော်မတီအစည်းအဝေးကို  စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်မည်ဖြစ် သည်။ ထို့နောက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က နောက် ဆုံးအဆင့် ပြန်လည်ရွေးချယ်ကာ စက်တင်ဘာ ၁၅ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားသည်။ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို နှစ်ကုန်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောထား သည်။