UNFC ဥက္ကဋ္ဌသစ် အဖြစ် လက်ရှိ ဥက္ကဋ္ဌ ဟောင်းအား ပြန်လည် ရွေးချယ်

UNFC ဥက္ကဋ္ဌသစ် အဖြစ် လက်ရှိ ဥက္ကဋ္ဌ ဟောင်းအား ပြန်လည် ရွေးချယ်
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များနှင့် ဖွဲ့စည်း ထားသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ဥက္ကဋ္ဌ သစ်အဖြစ်  လက်ရှိ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသော  အဲန်ဘန်းလ အား ညီလာခံမှ ပြန်လည် ရွေးချယ် တင်မြှောက် လိုက်ကြောင်း သိရှိရပါသည်။

UNFC ညီလာခံကြီးမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC ၁၂ ဦးအား ဒီမိုကရေစီနည်းကျ မဲပေး ရွေးချယ်တင် မြှောက်ရာ ဥက္ကဋ္ဌအဖြစ် ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း KIO/KIA မှ ဗိုလ်ချုပ်ကြီး အဲန်ဘန်းလ ၊ ဒု−ဥက္ကဋ္ဌ(၁)အဖြစ် မွန်ပြည်သစ်ပါတီ MNSP မှ နိုင်ဟံသာ၊ အထွေထွေ အတွင်းရေးမှူး အဖြစ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP မှ ခူဦးရယ် ၊ တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO မှ ဗိုလ်မှူးးကြီး ခွန်ဥက္ကာ၊ တွဲဖက်အတွင်းရေးမှူး (၂)အဖြစ် ချင်းအမျိုးသားတပ်ဦး CNF မှ ဆလိုင်းထလာဟေး တို့ ဖြစ်ကြောင်း၊ ဒု−ဥက္ကဋ္ဌ (၂)အဖြစ် ကရင်အမျိုးသားအစည်းအရုံး KNU အတွက်လျာထား ကြောင်း ညီလာခံတက်ရောက်သည့် ကိုယ်စားလှယ်တဦးက ပြောသည်။

UNFC meeting

UNFC ၏ ညီလာခံကို သြဂတ်စ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိတပိုင်း၊ သြဂတ်စ်လ ၃၀ ရက်မှ စက်တင် ဘာလ ၂ ရက်နေ့အထိတပိုင်း ၉ ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည်။

UNFC သည် သြဂတ်စ်လ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ညီညွှတ်သော တိုင်းရင်းသား မဟာမိတ်အဖွဲ့ UNA ၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ၈၈ ကျောင်း သားများ အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။