လက်နက်ကိုင်အဖွဲ့တခုမှ ပြန်လည်လွှဲအပ်ပေးသည့်မြေယာ အဝေမတည့်၍ အငြင်းပွား

လက်နက်ကိုင်အဖွဲ့တခုမှ ပြန်လည်လွှဲအပ်ပေးသည့်မြေယာ အဝေမတည့်၍ အငြင်းပွား
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့တခုမှ ယခင်က သိမ်းယူထား သည့်မြေယာ တချို့ ပြည်သူများထံ ပြန်လည် လွှဲအပ်လိုက်ရာ ဒေသခံပြည်သူများအချင်းချင်း မြေယာပိုင်ဆိုင်မှု ကိစ္စနှင့် ပတ်သက်၍ အဝေမတည့်၍ အငြင်းပွားမှုများဖြစ်ပေါ်နေသည်ဟု သိရသည်။

ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ(KNPDP) ဒေသအခေါ်အဝေါ် (ကယောနီ)အဖွဲ့သည် ဒီးမော့ဆိုမြို့နယ် ပဒိုငံကျေးရွာအနီးမှ စိုက်ခင်း အမှတ် (၁) မြေဧက (၂၂၀) အနက် (၁၄၈) ဧကကို ပဒိုငံကျေးရွာ ပြည်သူများထံ ပြီးခဲသည့် သြဂုတ်လ ၁၂ ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းမြေယာများသည် ယခင်က ကယောနီအဖွဲ့အစည်း လက်ထက် မတိုင်မှီတွင် ဆိုဘောသဲကျေးရွာမှ ဒေသခံပြည်သူများက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့်အတွက် ယခုပြန်လည်ပေးအပ်ချိန်တွင် ဆိုဘောသဲကျေးရွာမှ ဒေသခံများနှင့် ပဒိုငံကျေးရွာမှ ဒေသခံများက ပိုင်ဆိုင်မှု အဝေမတည့်ကြ၍ အငြင်းပွားနေကြခြင်းဖြစ်သည်။

အဖွဲ့အစည်းမှ ပြန်လည်လွှဲအပ်ပေးလိုက်သည့်မြေယာများ တချို့တဝက်ကို ဆိုဘောသဲဒေသခံများထံ ခွဲဝေပေးသင့်သည်ဟု ဆိုဘောသဲရွာမှ ဥက္ကဌ ဦးလေဝီးက ပြောသည်။

၎င်းက “ သူတို့ခြံတွေမရှိတော့ သနားလို့မြေတွေကို လုပ်ခိုင်းတာ အခွင့်အရေး မယူသင့်ဘူးပေါ့။ ကျနော်တို့ မြေတွေကို နည်းနည်းပါးပါးတော့ ပြန်ပေးသင်တာပေါ့။ မြေတွေကို ကျနော်တို့ကို လုံးဝပြန်မပေးရင့်တော့ ကျနော်တို့လည်း လက်မခံဘူးပေါ့။ ပြန်ပေးသင့်တာပေါ့။” ဟု ပြောသည်။

၎င်းမြေယာများကို ၂၀၀၁ ခုနှစ်တွင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (လွိုင်ကော်)မှ တဆင့် ကယောနီအဖွဲ့ကို ချပေးခဲ့ပြီးနောက် ပဒိုငံကျေးရွာဒေသခံများကိုလည်း နောက်ပိုင်းတွင် လုပ်ကိုင်စိုက်ပျိုးခွင့် ပေးခဲ့သည်ဟု ပဒိုငံကျေးရွာမှ ဥက္ကဌ ဦးပါတြိးရိုမင်း ပြောသည်။

“ပဒိုငံက ဒကစက ခွင့်ချက်ပေးတဲ့ အတွက် မြေတွေကို ဆယ်နှစ်ဆယ်မိုး လာမလုပ်ခဲ့ဘူး၊ အခုရွာက လုပ်စားစရာ မြေတွေ့လည်း မရှိ နေစရာမြေတွေမရှိတဲ့ အချိန်မှာ ကျနောတို့ ဒီမြေတွေကို ပြန်လာလုပ် ယူခြင်းဖြစ်ပါတယ်” ဟု ဥိးပါတြိးရိုမင်းက ပြောသည်။

ကယောနီအဖွဲ့မှ ဒေသခံများ၏ တောင်းဆိုချက်အရ မိမိတို့အဖွဲ့အစည်းမှ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးချစ်မောင်က ပြောသည်။

“ဒေသခံတွေအဆင်ပြေစေဖို့ ကျနော်တို့က ရည်ရွယ်ပြီး ဌာနဆိုင်ရာတွေနဲ့ခေါ်ပြီး တရားဝင် ပြန်ပေးလိုက် တာပါ။” ဟု ၎င်းက ဆက်ပြောသည်။

ကယောနီအဖွဲ့သည် ၁၉၉၉ ခုနှစ်တွင် လက်နက်နှင့် ငြိမ်းချမ်းရေးလှဲလည်ပြီး တပ်ဖွဲ့ဝင် မိသားစုများသက် သာချောင်ချိရေးနှင့် စားဝတ်နေရေး အထောက်အကူပြုနိုင် ရန်ဆိုပြီး ၂၀၀၀ ခုနှစ် တွင် နိုင်ငံတော်အစိုးရမှ ၎င်းမြေယာများ ပြည်သူများထံမှတဆင့် ချပေးခဲ့ခြင်းဖြစ်သည်။