သတ္တု တူးဖော်ရေး ရပ်တန့်ရေး နမ့်ခမ်းဒေသခံများ စုပေါင်း ဆန္ဒပြရန် စီစဉ်

သတ္တု တူးဖော်ရေး ရပ်တန့်ရေး နမ့်ခမ်းဒေသခံများ စုပေါင်း ဆန္ဒပြရန် စီစဉ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ သတ္တု တူးဖော်ရေး လုပ်ငန်း ရပ်တန့်ရေး အတွက် ဒေသခံများ စုပေါင်းပြီး  စက်တင်ဘာလ ၅ ရက်နေ့တွင် ဆန္ဒ ဖော်ထုတ်ပွဲ လုပ်ဆောင်ရန် စီစဉ် နေကြောင်း သိရသည်။

ဒေသခံပြည်သူလူထုအတွက် ကောင်းကျိုးလုံးဝမရှိသော နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများအားလုံး ရပ်တန့်စေရေး  အတွက်ရည်ရွယ်ကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲအတွက် သြဂတ်စ်လ ၃၁ ရက်က ရဲစခန်းသို့ ခွင့်ပြုချက် တောင်းထားပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် အကြောင်းပြန် မည်ဟု ပြောဆိုကြောင်း  သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD  ကျားခေါင်းပါတီအတွင်းရေးမှူး ဦးစိုင်းထွန်းလှိုင် ကဆိုသည်။

“တာဝန်ခံခေါင်းဆောင်  ရ ဦးရွေးထားပါတယ်၊ ကော်မတီအဖွဲ့ဝင်ကတော့  ၅၂  ဦးပါ ။ ဆန္ဒထုတ်ဖော်ပွဲမှာ ဒေသခံ အယောက်  ၂၀၀၀  ထက်မနည်း ပါ၀င်ကြမယ်လို့ကြား ထားတယ်။  စုရပ်ကတော့ အဲဒီနေ့ မနက်  ၈းဝဝ  နာရီ။ မန့်ခမ်းရပ်ကွက်နဲ့ စယ်ဟိုင်းကြားက နမ့်ဆီးရီးချောင်းဘေး မှာ ဖြစ်ပါတယ်၊ မည်သူမဆို လာ ရောက် ပူးပေါင်းပြီး ဆန္ဒထုတ် ဖော်နိုင်ပါတယ်။ ဖိတ်ခေါ်ပါတယ် ” ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည်။

နမ့်ဆီးရီးချောင်းဘေးမှ  မြို့နယ်အုပ်ချုပ်ရေးရုံး  ထိုမှတဆင့် မြို့လယ်ဘုရား အထိ မနက် ၈းဝဝနာရီ မှ စတင် လမ်းလျှောက်ကြမည်ဖြစ်ကြောင်း၊  ဒေသခံ ၂၀၀၀ ထက်မနည်း ပါ၀င်ဆင်နွဲကြမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရေးအတွက် ခွင့်ပြုချက်စာတင် ပြီးပြီးချင်း  ဒေသတွင်းသတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သော ငွေကမ္ဘာကျော်ကုမ္ပဏီတာဝန်ခံ ကိုမြင့်သိန်းက ဆန္ဒဖော်ထုတ်ရေး တာဝန်ခံခေါင်းဆောင်  ရ  ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ် ယူပြီး - ပြည်သူလူထုအတွက် ထိခိုက်နစ်နာကြေးပေးလျော်မည်ဟု ကမ်းလှမ်းပြောဆိုသေးကြောင်း၊ အလားတူ ယနေ့ စက် တင်ဘာ (၁) ရက်နေ့ကလည်း ၎င်းကမ္ဘာကျော် ကုမ္ပဏီတာဝန်ခံက တာဝန်ခံခေါင်းဆောင်  ရ  ဦးကို မန့်ခမ်းရပ်ကွက်သို့ ထပ်မံခေါ်ယူ ဆွေးနွေးခဲ့သေးသည်ဟု  ဆန္ဒထုတ်ဖော်ရေးကော်မတီဝင် တစ်ဦးကဆိုသည်။

“  ကျနော်တို့ကိုခေါ်ပြီး လျော်ကြေးအပြည့်အဝပေးမယ်တဲ့၊ ဆန္ဒထုတ်ဖော်ပွဲ မလုပ်ဖို့ တောင်းဆိုတာပေါ့ ၊ ကျနော်တို့ဘက်ကလည်း ခင်ဗျားတို့ပြောတာတော်တော်နောက်ကျ သွားပြီ၊ပြည်သူတွေ ထိခိုက်နစ်နာနေတာ ကြာလှပြီ။ ခင်ဗျားတို့ဘက်က ဘာမှမလုပ်ဆောင် ပေးဘဲ၊ ကျနော်တို့တော့ ဆန္ဒထုတ်ဖော်ပွဲကို အောင်အောင် မြင်မြင်နဲ့ လုပ်ဆောင်သွားဖို့ဘဲ ကြိုးစားသွားမယ် ” ဟု ၎င်းကဆိုသည်။

ဆန္ဒထုတ်ဖော်ရေးအတွက် ရဲစခန်းသို့တင်ပြထားသောအချက်များမှာ (၁) နမ့်ခမ်းမြို့နယ် အတွင်းရှိ သတ္တုတူးဖော် ရေးလုပ်ငန်းအားလုံးချက်ချင်းရပ်တန့်ပေးရေး (၂) ပျက်စီးသွားသော နမ့်ဆီးရီးချောင်းနှင့် ဆည်များမူလအတိုင်း ပြန်လည်တူးဖော်ပေးရေး (၃) ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေနှင့် သီးနှံများ ၏လျော်ကြေးအပြည့်အဝရရှိ ရေး (၄) ပျက်စီးဆုံးရှုံးသွားသောလယ်ယာမြေများ စိုက်ပျိုးနိုင်သည် အထိပြန် လည်ပြုပြင်ပေးရေး စသည့်အချက်များဖြစ် ကြသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများမှာ ဂျီအက်အမ်(GSM) ၊ နှစ်သစ်အာရှ ၊ မြန်မာ့မြှားဦး ၊ စိန်ပဒေသာ ၊ စွမ်ငင်းခမ်း နှင့် ပန်းသစ္စာ စသည့်ကုမ္ပဏီ များဖြစ်ကြကြောင်း ဒေသခံများထံမှသိရသည်။

Most read this week