ကယားလွှတ်တော်အတွင်း ကတိကဝတ်ပြုထားသည့် အစိုးရလုပ်ငန်းများ ထက်ဝက်ကျန်နေ

ကယားလွှတ်တော်အတွင်း ကတိကဝတ်ပြုထားသည့် အစိုးရလုပ်ငန်းများ ထက်ဝက်ကျန်နေ
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွှတ်တော်အစည်း အဝေး၌ ဆုံးဖြတ်ထားသည့် အဆိုများ၊ မေးခွန်းများအပေါ် ပြည်နယ် အစိုးရ၏ ဆောင်ရွက်ရမည့် လုပ်ငန်းများ ကျန်ရှိနေသေးသည်ဟု အစိုးရ၏ အာမခံချက်များ ကတိများနှင့် ဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဌ ဦးအေးမောင်က ပြောသည်။

၂၀၁၃ ခုနှစ် မေ ၅ ရက်နေ့ တွင်ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးနှင့် ၂၀၁၃ခုနှစ် ဇွန်လ ပဥ္စမပုံမှန် အစည်းအဝေး ပြုလုပ်သည့် အချိန်ထိ မေးခွန်းအားလုံးပေါင်း ရ၇ ခုရှိရာ ဆောင်ရွက်ပြီးစီးမှု ၃၈ခု သာရှိသေးကြောင်း ဆောင်ရွက်ဆဲ ၉ ခုနှင့် ဆောင်ရွက်ရန် ၃၀ ခုကျန်သေးကြောင်း ၎င်းကပြောသည်။

loikawview-roks

"မေးခွန်းမေးမြန်းပြီး ဖြေကြားခြင်းအပေါ်မှာ စပ်လျှင်းပြီးတော့ အစိုးရရဲ့အာမခံချက် ကတိတာဝန်ခံချက်တွေ ကျန်တဲ့ လုပ်ငန်းပိုင်းကတော့ ကျန်သေးတယ်" ဟု ၎င်းကဆိုသည်။

ပုံမှန်အစည်းအဝေး သတ္တမအကြိမ်အထိ မေးခွန်းမေးမြန်းခြင်း ၉၅ ခုနှင့်၊ အဆို ၁၃ ခုရှိပြီး ၎င်းတို့အပေါ် အစိုးရ အာမခံချက်များ ကတိများနှင့် ဝန်ခံချက်များအပေါ် လုပ်ငန်းပြီးစီးမှု၊ ဆောင်ရွက်ဆဲများနှင့် ကျန်ရှိသည့် လုပ်ငန်းများကို ဝန်ကြီးဌာနအလိုက် ထပ်မံတောင်းခံ ထားသည်ဟု သိရသည်။

လာမည့် စက်တင်ဘာလ ပထမပတ်တွင် ကျင်းပမည့် အဌမအကြိမ် ပုံမှန်အစည်းအဝေးတွင် ကျန်ရှိသည့် လုပ်ငန်း ပြီးစီးဆောင်ရွက်မှုများ သိရှိလာနိုင်မည်ဟု ဦးအေးမောင်ကပြောသည်။

ပြည်နယ်အစိုးရအနေဖြင့်လည်း လက်ရှိတွင် ဝန်ကြီးဌာများအလိုက် လုပ်ငန်းပြီးစီးနိုင်မှုအတွက် ဖိအား ပေးထားသည်ဟု ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ပြောသည်။

"ကျနော်တို့ ဆိုရင်လည်း ကျနော်တို့ ဌာနအလိုက် အလုပ်တွေကိုတတ်နိုင်သလောက် လုပ်တယ်။ တချို့လုပ်ရမည့် အလုပ်တွေကတော့ ပြည်ထောင်စုအဆင့် တင်ရတယ်"ဟု ပြောသည်။

ပြည်နယ်အလိုက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးခြယ်ခံရသူအများစုသည် ပြည်နယ်ဝန်ကြီး နေရာများတွင် တာဝန်ယူထားကြသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ နည်းသွားပြီး ကော်မတီစိစစ်မှု အဖွဲ့တွင် ဝန်ကြီးဌာနများကို ပြန်လည်စစ်ဆေးရန် အင်အားမမျှကြောင်း ဦးအေးမောင်က ပြောသည်။