ကချင်အသင်းတော်များ မူးယစ်ဆေးဝါး ကင်းစင်ရေး လုပ်

ကချင်အသင်းတော်များ မူးယစ်ဆေးဝါး ကင်းစင်ရေး လုပ်
by -
ကေအဲန်ဂျီ

မူးယစ်ဆေးဝါးကင်းစင်နယ်မြေအဖြစ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) Jaw Masat နှစ်ခြင်းအသင်း တော်မှ ဆိုင်းဘုတ်များစိုက်ထူကာ သြဂုတ်လ ၂၂ ရက်နေ့မှစ၍ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဖြန့်ဝေသူများအိမ်သို့ သတိပေး ဆုတောင်ခြင်း များပြုလုပ်ပေး နေသည်။

Jaw Masat နှစ်ခြင်းအသင်းတော်တွင် Maw Tawng (မော်တောင်း)ကျေးရွာ၊ Gaw Nan (ဂေါ့နန်)ကျေးရွာနှင့် ရိုမန်ကက်သလစ်အသင်းတော်များလည်း ပါဝင်ကာ ကျေးရွာတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီခွဲများ ဖွဲ့စည်းထားပြီး မူးယစ်ဆေးဝါးသုံးစွဲသူများကို လက်တွေ့ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သိရသည်။

Kachin-church-anti-drug-campaign-Jaw-Masat

အသင်းတော်က ဖွဲ့စည်းထားသော Jaw Masat နှစ်ခြင်းခရစ်ယာန်အသင်းတော် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးကော်မတီမှ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူများအား စုံစမ်းနေဆဲဖြစ်ပြီး ဖမ်းဆီးခြင်းမရှိသေးကြောင်း ကော်မတီဝင် အသင်းဆရာများမှ ပြောသည်။

ထို့ပြင် Jaw Masat အထက် Man Hkring (မန်ခိန်း)နှစ်ခြင်းအသင်းတော်မှလည်း မေလ လယ်မှ စတင်ပြီး မူးယစ်ကင်းစင်နယ်မြေပြုလုပ်ရာတွင် မူးယစ်ရေးဝါးသုံးစွဲသူ၊ ရောင်းဝယ်သူများ၏စာရင်းများ ကောက်ယူကာ ၎င်းတို့အား အသင်းတော်သို့ခေါ်ကာ သတိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့သို့အသိပေးမှုများပြုလုပ်နေသော်လည်း ဆက်လက်သုံးစွဲနေဆဲဖြစ်သော အသက် ၂၀ ကျော်  လူငယ် ၂ ဦးနှင့် ရွှေစက်ရပ်ကွက်မှ လူငယ် ၂ ဦး စုစုပေါင်း ၄ ဦးအား Man Hkring နှစ်ခြင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီမှ ဖမ်းဆီးခဲ့ကြောင်း ကော်မတီဝင် သင်းထောက် ဆရာ Yaw Sep KNG ကချင်သတင်းဌာန သို့ ပြောသည်။

“ဆရာတချို့က အိပ်ရေးပျက်ခံပြီး ရွာတွေမှာ ညလုံးပေါက် ကင်းလှည့်ကြည့်ကြတာ အဓိက ဖုန်းနဲ့သတင်းယူပြီး ဘိန်းစားတွေ ဘယ်မှာရှိကြတယ် ဘယ်မှာစုကြတယ် သူတို့စုတဲ့နေရာတွေမှာ ကင်းလှည့်ကြတာ၊ ညတိုင်းကင်း လှည့်ကြတယ်”

ယခုချိန် မူးယစ်ဆေးနှင့် ဆေးထိုးအပ်များအတူ ဖမ်းဆီးနိုင်ခဲ့သောမန်ခိန် အထက်တန်း ကျောင်းရှေ့နေအိမ်က ၂ ဦးနှင့် မန်ခိန်းနှင့် ရွှေစက် ရပ်ကွက်ကြားမှ ၂ ဦးအား အစိုးရသို့ အပ်နှံခဲ့ပြီး ဖြစ်ကြောင်း ဆက်ဆိုသည်။

၎င်းတို့အား ဖမ်းဆီးခဲ့ပြီးနောက် မူးယစ်စားသုံးသူများအား ပြန်လည်ဖမ်းဆီး နိုင်ခြင်းမရှိသေးသော်လည်း မူးယစ်ဆေးသုံးစွဲသူများရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးကင်းစင်စေရန် ကချင်အသင်းတော်များ၏ တိုက်ဖျက်မှုတွင် မူးယစ်ဆေးဝါးသုံးစွဲနေသူများအား ဖမ်းဆီးမှုများကျယ်ကျယ်ပြန့်ပြုလုပ်ရာ တွင် ဘိန်းဖြတ်ရုံများ လိုအပ်နေ ကြောင်းလည်း သိရှိရသည်။

မူးယစ်ဆေးဝါးပြန့်ပွားနေသော ကချင်ပြည်နယ်တွင် အစိုးရမှ ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိသောကြောင့် အသင်းတော်များက စုပေါင်းကာ မူးယစ်ဆေးဝါးကင်းစင်နယ်မြေအဖြစ် တိုက်ဖျက် အရေးယူနေခြင်းဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှလည်း ထောက်ခံကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်းဘုတ်တွင်လည်း ‘မူးယစ်ဆေးဝါးအန္တာရာယ်ကို ထာဝရဘုရား၏ ထူးမြတ်သော ခွန်အားဖြင့်တိုက်ဖျက်ကြစို့၊ မူးယစ်ဆေးဝါးအန္တရာယ်ကို လူထုအင်အားဖြင့်တိုက်ဖျက်ကြစို့’ ဟူသည့် စာသားကို ကချင်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည်။

မြန်မာစာဖြင့်သာရေးသားသော ဆိုင်းဘုတ်အချို့ကို သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက ပိတ်ပင် ထားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဧပြီးလ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင်ကျင်းပသည့် ကချင်အမျိုးသားများ၏ အစည်းအဝေးမှ ဧပြီလ၂၅ ရက်နေ့ကို ‘ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့’ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Most read this week