သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ပုံပါကျင် မြို့နယ်ခွဲက မြန်မာ - ထိုင်း နယ်စပ် ဘီပီဝမ်း မှတ်တိုင် နယ်ခြားဂိတ်ကို အာဆီယံ သစ်တော စီမံကိန်း အထိမ်းအမှတ် အဖြစ် မြန်မာ-ထိုင်း နှစ်နိုင်ငံ အာဏာပိုင် တို့ ကနေ နှစ်နိုင်ငံ လူနေမှု အဆင့်အတန်း မြင့်တင်ရေး အတွက် ရည်ရွယ်ချက်နဲ့ သြဂတ်စ်လ (၁) ရက်နေ့ မှာဖွင့် လှစ်ခဲ့ပါတယ်။
(၃)နှစ်ကျော် ပိတ်ထား ခဲ့တဲ့ ဒီလမ်းကို တစ်ရက်တည်းသာ ဖွင့်လှစ် ခဲ့တာ ဖြစ်ပြီး ကုန်ပစ္စည်း သယ်ဆောင် ရောင်းဝယ် သူများနဲ့ စည်ကား နေတယ်လို့ သိရပါတယ်။ ဘီပီဝမ်း မှတ်တိုင်နယ်ခြား ဂိတ်ကို တရား ၀င်ဖွင့်လှစ်နိုင်ရင် လူထုအတွက် ဘယ်လို အကျိုးတွေ ရှိလာနိုင် မလဲဆိုတာ မိုင်းတုံမြို့နယ် ပုံပါ ကျင်မြို့နယ်ခွဲက ပြည်နယ် လွှတ်တော် အမတ် စိုင်းဝင်းမြတ်ဦးကို သျှမ်းသံတော်ဆင့်က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ အခုလဆန်းက နှစ်နိုင်ငံ နယ်စပ်လမ်းဖွင့်တယ်လို့ကြားရပါတယ်။ ပြည်သူလူထုရဲ့ကိုယ်စားလှယ် တစ်ယာက် အနေနဲ့ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ ။ လမ်းဖွင့်တာတော့မဟုတ်ပါဘူး။ နိုင်ငံနယ်စပ်မြို့ရွာတွေရင်းနှီးမှုရအောင် ထိုင်းစစ်တပ်က ဦးစီးလုပ်တာ ။ ကျန်းမာရေး စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး ၂ နိုင်ငံ ရပ်ကွက်လူကြီးတွေနဲ့ ပူးပေါင်းပြီးလုပ်တာပါ။ နယ်စပ်ရွာတွေအတွက်ပေါ့။ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ အရမ်းကြီးကွာဟမှု မရှိအောင်ပေါ့။
မေး။ ။ ပုံပါကျင်ဆိုရင် ထိုင်းနိုင်ငံနဲ့အရမ်းနီးတယ်။ ဒါပေမယ့် ထိုင်းကုန်တွေဝယ်ဖို့ တာချီလိတ်ဘက်သွားသွား နေရတော့ လူထုဝယ်ယူမှုအဆင်ပြေအောင် လွှတ်တော်ထဲတောင်းဖို့ရှိလား။
ဖြေ။ ။ ဒီဟာကိုထာဝရဖွင့်နိုင်ရင်ပိုကောင်းတာပေါ့ဗျာ။ ကျနော်တို့ဒီကလူထုတွေ ကူးသန်းရောင်းဝယ်ရေး အတွက်ပေါ့။ အခုဆိုရင်ကျနော်တို့ ဒီက ဒေသထွက်ကုန်တွေကိုတာချီလိတ်အထိပို့နေရတယ်လေ။ ဖွင့်မယ် လို့တော့ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံလေ။ ဟိုအပေါက်ဖွင့်ရင် ဒီအပေါက်ပိတ် ဆိုတာမျိုးတော့ မလုပ်လောက်ဘူးထင်တယ်။ ဖွင့်ရင်လည်းအားလုံးဖွင့်ရမှာပေါ့ ။ ဒါပေမယ့် ကျနေ့ာ်တို့ဘက်က လမ်းပွင့်သွားမှာကိုတာချီလိတ်နဲ့မယ်ဆိုင်က ကုန်သည််ကြီးမျာအသင်းက တအားကြောက် နေတယ်လို့ ကျနော်တို့ဒေသခံအတော်များများက ယုံကြည်နေကြပါတယ်။ သမ္မတကြီးရော တပ်ချုပ်ကြီးပါ တြိဂံတိုင်းက သွားတာဖြစ်တဲ့အတွက် တာချီလိတ်ကကုန်သည်ကြီးများနဲ့ ရင်းနှီးပြီးသားဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ဘက်က လမ်းမပွင့်အောင်လဲ သူတို့ကန့်ကွက်နေတယ်လို့ ကျနော်တို့ဘက်က လူထုကယုံကြည် နေကြပါတယ်။
မေး။ ။ ခဏနဲ့ရောက်ရမယ့်ခရီးကို တစ်ရက်သာအချိန်ပေးသွားရတဲ့အပေါ်နယ်စပ်မှာနေတဲ့ပုဂ္ဂိုလ် တစ်ယောက် အနေနဲ့ဘယ်လိုမြင်ပါသလဲခင်ဗျ။
ဖြေ။ ။ ဒေသဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေတယ်။ ခရီးရှည်တယ်။ သယ်ယူပို့ဆောင်ခပိုကုန်ကျမယ်။ စားသုံးသူတွေကပိုနစ်နာတာပေါ့ဗျာ။
မေး။ ။ တကယ်တမ်း ဒီ ဘီပီဝမ်းဂိတ် ချင်းမိုင် ချင်းဒေါင်းနဲ့ ပုံပါကျင် လမ်းဖွင့်လိုက်ရင် အားသာချက် အားနည်းချက်က ဘယ်လိုရှိလာနိုင်မလဲခင်ဗျ။
ဖြေ။ ။ အကြမ်းဖျင်းပြောရမယ်ဆိုရင် ကျနော်တို့ ဒီတာချီလိတ်ကနေ တောင်ကြီးအထိ ၃၈၃ မိုင်ဝေးပါတယ်။ ဘီပီဝမ်းကတော့ တောင်ကြီးအထိ ၂၇၉ မိုင်ဝေးပါတယ်။ ဒီလမ်းက ၁၀၄ မိုင်တောင်သက်သာပါတယ်။ ထိုင်းနိုင်ငံ ဒုတိယမြို့တော်ဖြစ်တဲ့ ချင်းမိုင်နဲ့ဆက်သွယ်တဲ့လမ်းလည်း ကျနော်တို့ဘက်က ပိုပြီးနီးပါတယ်။ မယ်ဆိုင်ကနေသွားမယ်ဆိုရင် ၂၇၈ ကီလို မီတာ ဝေးပါတယ်။ ကျနော်တို့ဆီကသွားရင်တော့ ၁၁၈ ကီလိုမီတာ ဘဲရှိတယ်ဗျ။ ၁၆၀ ကီလိုမီတာတောင်သက်သာ ပါတယ်။ ဒါကြောင့်ကျနော်တို့ လမ်းက ကျနော်တို့ နိုင်ငံရဲ့ အတွင်း ပိုင်းနဲ့ ဆက်ဆံရမှာလည်း ပိုပြီးလွယ်ကူမယ်။ နီးစပ် တယ်။ တဖက်နိုင်ငံရဲ့အတွင်းပိုင်းနဲ့ ကုန်သွယ်မှု လမ်းကလည်း အင်မတန်နဲ့နီးပါတယ်။ ဒါကြောင့်ကျနော်တို့ လမ်းဖွင့် ပေး ရင် ကျနော်တို့နိုင်ငံ အတွက် အင်မတန်မှ အကျိုးရှိပါတယ်။ ကျနော်တို့ပြည်နယ်အတွက်လည်းပိုပြီး အကျိုး ရှိမယ်လို့ယုံကြည်ပါတယ်။
မေး။ ။ အခု အပစ်ရပ်မယ် တစ်နိုင်ငံလုံးအပစ်ရပ်မယ်။ လက်တွေ့အားဖြင့်တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ပြည်သူ့ စစ်အဖွဲ့တွေလည်း အရမ်းများနေတယ်။ အခုလို လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါများလာနေတဲ့အပေါ် နယ်စပ်ဖွင့်ရင် ဘယ်လိုဖြစ်လာ နိုင်မလဲ။ အနှောင့်အယှက် ဖြစ်လာနိုင်မလား။
ဖြေ။ ။ ဒါကတော့ ဆင်ခြေတခုဘဲလို့ကျနော်မြင်ပါတယ်။ သျှမ်းပြည်ထဲမှာဆိုရင်ဒီလက်နက်ကိုင်အဖွဲ့ အစည်းတွေဟာ နေရာတိုင်းမှာရှိနေပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင် တာချီလိတ်မယ်ဆိုင် လမ်းဖက်က အဆပေါင်း ထောင်သောင်းမက များပါတယ်။ ကျနော်တို့ဘက်က မရှိသလောက်ရှားပါတယ်။ နောက်ပြီးတော့ လက်နက် ကိုင် တပ်ဖွဲ့ တွေဆိုရင် ကျနော်တို့ ဘက်က နည်းနည်းပါးပါးဘဲရှိပါတယ်။ ဒါကြောင့် ဒါတွေဟာ ဆင်ခြေတခုဘဲလို့ ပြောချင်ပါတယ်။ တကယ်တမ်းပြန်ကြည့်ရင် ဒါတွေဟာ မဖြစ်စလောက်ပါဘဲ။
မေး။ ။ ဒီနယ်စပ်ဂိတ်ကို ထာဝရဖွင့်ပေးဖို့ ဆရာ့အနေနဲ့ လွှတ်တော်ထဲမှာ တင်ပြဖူးသလား။
ဖြေ။ ။ ဒီလမ်းဖွင့်ပေးဖို့ လွှတ်တော်ထဲမှာ ကျနော်တင်သွင်းခဲ့ဖူးပါတယ်။ ဒီလမ်းဖွင့်ပေးဖို့ သျှမ်းပြည်နယ် အစိုးရ နဲ့မသက်ဆိုင်ဘူးလို့ ဖြေပါတယ်။ ပြည်ထောင်စုအစိုးရနဲ့သက်ဆိုင်တယ်လို့ပြောလို့ ကျနော်လည်း ထပ်မတင်တော့ဘူး။ ဒါပေမယ့် မိုင်းဆတ်မြို့ ခရီးစဉ်မှာတော့ ၀န်ကြီးချုပ်ကို ကျနော်တခါ ထပ်တင်ခဲ့ပါတယ်။ တကယ်တော့ နယ်စပ် ကိစ္စ ဆိုတော့ တပ်မတော်နဲ့ဆိုင်တဲ့အတွက် ပြည်ထောင်စုအစိုးရနဲ့ ဆိုင်တယ် လို့မြင်ပါတယ်။
မေး။ ။ ဒီလမ်း ထာဝရဖွင့်ဖို့ ဌာနဆိုင်ရာတွေ လာချထားတယ်လို့ မနှစ်ကကြားရတယ်။ တကယ်လားခင်ဗျ။
ဖြေ။ ။ မမြင်သေးပါဘူး။ အကောက်ခွန်ဌာန ကတော့ သူတို့ရထားတဲ့မြေနေရာတွေမှာ ဆိုင်းဘုတ်တွေဘာတွေ လာထောင်ထားတယ်။ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကိုလည်း ဘီပီဝမ်းဟိုဘက်ခြမ်း ဓါတ်ပုံရိုက်စစ်ဆေးဖို့ သွားကြ တယ်လို့ကြားရတယ်။ အဲလောက်ဘဲကြားရပါသေးတယ်။
မေး။ ။ ပြီးခဲ့တဲ့လကုန်က မိုင်းတုံ မိုင်းဆတ် တာချီလိတ်လမ်းပေါ်မှာ ဂိတ်တွေ ဘာတွေ များတယ်။ အကောက် ခံမှုတွေရှိတယ်။ ကုန်သည်တွေအတွက်ဘယ်လိုအခက်အခဲတွေဖြစ်စေသလဲ။
ဖြေ။ ။ အများကြီးပါဘဲဗျာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ။ သျှမ်းပြည်နယ်အစိုးရကိုလည်း ကျနော်စာတင်ထား ပြီးပါပြီ။ ကျနော်တို့ဒေသက ကြက်သွန်ဖြူစိုက်ပြီးအသက်မွေးဝမ်းကျောင်းပြုတဲ့ဒေသဖြစ်တယ်။ ကြက်သွန်ဖြူ တွေကို တဖက် နိုင်ငံ ကိုရောင်းဖို့ တာချီလိတ်ကိုပို့ရတယ်။ တာချီလိတ်ကိုဝင်ဖို့ ဂျူတီခွန်မရှိရင် ပေးမဝင်ဘူး။ ဂျူတီဆောင်မယ်ဆို လည်း ပေးမဆောင်ပြန်ဘူး။ တာချီလိတ်မှာရှိတဲ့ ဂျူတီခွန်ဆောင်ထားတဲ့တယောက် ယောက်ကို ခေါ်ပြီး အာမခံမှဘဲ ၀င်ခွင့်ရတာ။ အဲတာတော့မဖြစ်သင့်ဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကုန်သည်နေတာက တရား ဥပဒေနဲ့ညှိစွန်းတဲ့ပစ္စည်းမဟုတ်သလို မြန်မာနိုင်ငံအတွင်းမှာဘဲ ကူး သန်းရောင်း ၀ယ်နေတာဖြစ်တယ်။ ဂျူတီခွန်ဆိုတာ တဖက်နိုင်ငံကိုသွင်းမှ ဆောင်ရမယ်လို့ ကျနော်အဲလို နားလည် ထားတယ်လေ။ အခုက ကျနော်တို့ တာချီလိတ်ထဲကို ဘဲ ၀င်မယ့်ကိစ္စ ဂျူတီဆောင်ထားတဲ့ သူဌေးတွေ ကားတစီး ကျပ်တသောင်းလောက်ပေး ဆောင် နေရတယ်။ ဒါက ကျနော်တို့ဒေသကလူတွေ တော်တော်လေးကို နစ်နာစေပါတယ်။ ဒီလိုမျိုးအခွန် အတုပ်တွေများရင်ကုန်သည်တွေမှာမနစ်နာပါ ဘူး။ ကုန်သည် ဆိုတာက မမြတ်ရင် သူတို့မလုပ်ပါဘူး။ ဒါပေမယ့် သူတို့အခုလို ဂျူတီတွေ ဆောင်ရတယ် ကုန်ကျ စရိတ်တွေများမယ်ဆိုရင် ကျနော်တို့ ကြက်သွန်စိုက် တောင်သူတွေ ဆီမှာ ကြက်သွန်တွေကို စျေးနှိမ်ဝယ် မယ်။ဒါလည်း တောင်သူတွေဖက်ကနစ်နာရပြန်တယ်။ အဲဒီကြက်သွန်တွေကို တဖက်နိုင်ငံကိုပို့ဖို့ တံတား ထပ်ကူးရင်လည်း အဲဒီမှာဂိတ်စောင့်တွေက ထပ်တောင်းပြန်တယ်လို့ဆိုတယ်။ ဒါ အတိအကျတော့မသိရ ပါဘူး။ ဒါက ကာစတန်ဂျူတီမှာလည်း သွင်းရတယ်။ ဟိုဘက်ကူးရင်လည်းထပ်သွင်းရတယ်ဆိုတော့ ကုန်သည်တွေက ၂ ခါ နာနေ တယ်ပေါ့။ ဒါက ကြက်သွန်နဲ့ပတ်သက်တဲ့ဟာ။ နောက်တခါကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး တော့လည်း တော်တော်လေး ကို ဒုက္ခရောက်နေကြတယ်။
ပြသနာက တာချီလိတ်မှာဝယ်တဲ့ပစ္စည်းတွေ တာချီလိတ်ဂိတ်အထွက်မှာ ဂျူတီမရှိရင်ပေးမထွက်ဘူး။ ဂျူတီတောင်း ပြန်တယ်။ အဲဒီမှာအိမ်ဆောက်ပစ္စည်းတွေ စက်သုံးဆီတွေ အဲဒီမှာ ကြီးကြီးမားမား ပစ္စည်းတွေ အတွက် ဂျူတီ ရှိတော့ ပြသနာမရှိဘူး။ ဒါပေမယ့် စားသုံးကုန်တွေ အစား အသောက် တဖာ နှစ်ဖာ သွားဝယ် တော့ ကျနော်တို့ကို ဘယ်သူမှ ဂျူတီမပေးဘူး။ နောက်ပြီး တော့ တံတား ၁ ကနေပြီးတော့ သျှမ်းပြည်နယ် ရံပုံငွေ ၃ ရာခိုင်နှုန်းပေး ပြီးတဲ့ သွင်းလာ တဲ့ကုန်တွေလည်း ကားကြီးတွေနဲ့ တင်သွင်းခွင့် မပေး ဘူးဗျ။ အဲဒီ ရံပုံငွေ ၃ ရာခိုင်နှုန်းပေးပြီးဝင်လာတဲ့ကားတွေ ကိုလည်း ပစ္စည်း ၂ ဖာထက် ပိုပြီးပေးမသယ် ရဘူး လို့ ပြော တယ်။ တကယ်တော့ ကျနော်တို့ တရားဝင်သွင်းလာ တဲ့ပစ္စည်း တွေဘဲ။ အဲဒီ မှာ တင်သွင်းတဲ့ပစ္စည်းတွေ က တံတား ၁ မှာတင်သွင်းဖို့ဆိုတာက လူသုံးနည်းတဲ့ ပစ္စည်း တွေဖြစ် နေတော့ ၁၀ ဘီးတွေအစီးလိုက် ဖာ ၁၀၀ -၂၀၀ ဆိုတာမျိုးတင်သွင်းလို့မရဘူး။ ၁၀ ဖာလောက်ဘဲပေး တော့ တံတား ၂ ကနေပြီးတော့ ကာစတန်ဂျူတီ ပေး ဖို့ဆိုတာလဲ အခက်အခဲဖြစ်နေတယ်။ သူတို့ဘယ်လိုစည်းကမ်း ချက် တွေချထားလည်းတော့မသိပါဘူး။ ကျနော့်အနေနဲ့တော့ လွှတ်တော်မှာဒီကိစ္စနဲ့ပတ်သက်ပြီးမေးထားပါတယ်။ ဒီဘက်မှာ မိုဘိုင်းတင်းမ်း သူတို့ အဖွဲ့တွေစောင့်နေတယ်။ တကယ်တော့ သူတို့တွေဟာ တံတားမှာဘဲစောင့် ဖို့သင့်ပါတယ်။ ပါလာတဲ့ပစ္စည်း တွေစစ်ဖို့က တံတားမှာဘဲဖြစ်သင့်တယ်။ ဒီဘက်က ဆိုရင်မြန်မာနိုင်ငံထဲ ရောက် နေပြီဘဲ။ ကျနော်တို့ ကာစတန်ဂျူတီမပေးသင့်တော့ပါဘူး။ ဂျူတီမရှိလို့ဖမ်းမယ်ဆိုရင် တာချီလိတ် တမြို့လုံး ဖမ်းရမှာပေါ့ ။ တာချီ လိတ်က မြန်မာနိုင်ငံထဲမှာရှိတယ်မဟုတ်လား။ ကျနော်တို့က ၀ယ်တဲ့လူလေ။ ဂျူတီရှိတာမရှိတာ ၀ယ်တဲ့လူနဲ့ မှမဆိုင်တာ။ ရောင်းတဲ့လူကိုဘဲသွားဖမ်းရမှာပေါ့။ သူ့ဆိုင်မှာရောင်း နေတာ အကုန်လုံး ကိုဖမ်းရမှာပေါ့ မဟုတ်ဘူးလား။ ဒီအတွက်ကြောင့် ကျနော်တို့ ပြည်သူလူထုဟာ တော်တော်လေး ကိုဒုက္ခရောက် နေကြပါတယ်။
မေး။ ။ လွှတ်တော်ထဲမှာတင်မယ်ဆိုရင်ဘယ်လိုဖြစ်စေချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ဖြစ်စေချင်တာကတော့ သူတို့ရဲ့မိုဘိုင်းတင်းမ်းတွေကို နယ်စပ်ဖြတ်ကျော်တဲ့ဂိတ်မှာဘဲ ချထားစေချင် တယ်။ အခုက တံတားတွေမှာရှိတဲ့ ၀န်ထမ်းတွေနဲ့ တာချီလိတ်ကကုန်သည်ကြီးတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်နေတယ်လို့ ကျနော် ထင်မြင်မိပါတယ်။ အခုအခြေအနေက မှောင်ခိုခေတ်ပြန်ရောက်နေတယ် လို့မြင်မိ တယ်။ ကုန်တင်ယာဉ်တွေဆိုရင် ညခိုးထွက်ရတယ်။ ညခိုးထွက်တော့ ဂိတ်တွေမှာအဆမတန် ပေးရတယ်။ အဝင်အထွက် ညှိရတယ်ပေးရတယ် ဆိုတော့ အဂတိလိုက်စားမှုတွေဖြစ်လာအောင် အခြေအနေတွေက တွန်း ပို့နေတယ် လို့မြင်မိပါတယ်။ ကာစတန်ဂျူတီလျှောက်တာရော၊ ကာစတန်ဂျူတီစစ်ဆေးတာကော်၊ နယ်စပ် ဖြတ် ကျော်ခွင့် တွေမှာလဲ စစ်ဆေးတယ်လို့ ကျနော်ထင်မြင်မိပါတယ်။ ဂျူတီခွန်စစ်ဆေး တံဆိပ်တုံးရိုက်ပြီးရင် မြန်မာပြည်မှာ ကြိုက်တဲ့နေရာ သယ်သွားခွင့်ရရမှာပေါ့။ အဲလိုဆိုရင်ဒီပြသနာတွေက ရှင်းသွားမှာပါ။ အခုက ပြည်သူတွေက ကာစတန်ဂျူတီသွင်းရမှာကိုကြောက်နေတာမဟုတ်ဘူး။ အကုန်လုံးသွင်းရမှာ။ တချို့က သွင်း ပြီး တချို့က မသွင်းရင်တော့ သွင်းတဲ့လူတွေက နစ်နာမယ်လေ ။ ဒါမယ့်တချို့အများစုက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ပစ္စည်းခိုးသွင်းတာတို့ဘာတို့ရှိခဲ့တယ်။ နှစ်ပေါင်းအတော်ကြာလုပ်လာတဲ့ကိစ္စဆိုတော့ အချိန်ယူပြင်ဆင်ရမှာပေါ့။
မေး။ ။ အဲလိုတွေဖြစ်နေတော့ လူထုက ဘယ်လိုထိခိုက်နစ်နာရသလဲ။
ဖြေ။ ။ မိုင်းတုံ မြို့နယ်၊ သံလွင်အနောက်ခြမ်းက မိုင်းပန်မြို့နယ် တွေဟာ ကြက်သွန်ဖြူတွေကိုအဓိက စိုက်ပျိုးကြတယ်။ တနှစ်တနှစ်မှာ ကြက်သွန်ဖြူက တန်ငါးသောင်းအထက်မှာထွက်တယ်။ တာချီလိတ်ကို ပို့တော့ တစ်တန်ကိုကျပ်တသိန်းလောက်ကျတယ််။ ဒီလိုဆိုတော့ ကြက်သွန်စိုက်တောင်သူတွေက တစ်နှစ် တစ်နှစ်ကို ကျပ်သိန်းပေါင်း ငါးသောင်းလောက်နစ်နာနေတယ်လေ။ တကယ်လို့ဒီလမ်းဖွင့်ရင် တာချီလိတ်ဖက် မသယ်ရတော့ဘူးလေ။ နီးနီးလေးဘဲသွားရတော့မှာကိုး။ ဒါက ကြက်သွန်ဖြူတမျိုးဘဲ နှိုင်းပြတာ ။ ကျန်တဲ့ ပဲပုပ်တို့ နှမ်းတို့ ဒေသထွက်ကုန်တွေအများကြီးရှိသေးတယ်။ နောက်ပြီး စက်သုံးဆီတွေ အိမ်သုံးပစ္စည်းတွေ သယ်ရတာလဲ အများကြီးရှိသေး တယ်။ ဒါကြောင့်ဒီက တောင်သူဦးကြီးတွေက နှစ်စဉ်နှစ်စဉ် ကျပ်သိန်းပေါင်း သိန်းဂဏန်းလောက် နစ်နာနေတယ်လို့ပြောချင်ပါတယ်။ ကျနော်တို့ဒေသလည်း သူများဒေသတွေလိုပါဘဲ။ သူများတွေထက် ဆိုးရွားနေတာမဟုတ်ပါဘူး။ သောင်းကျန်းသူတွေ သောင်းကျန်းနေတဲ့ဒေသ လည်း မဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးကတည်းက ဒီနေရာမှာ သေနတ်သံငြိမ်နေ တာကြာပါပြီ။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင်လည်း ကျနော်တို့ဒေသက သူများတွေဒေသလောက် မရှိပါဘူး။ ဒါကြောင့် ကျနော်တို့ ဆီကတောင်သူဦးကြီးတွေရဲ့ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက်ရည်ရွယ်ပြီးတော့ တောင် သူဦးကြီး တွေ ကုန်ထုတ်ရောင်းဝယ်မှုပြုဖို့လွယ်ကူတဲ့လမ်းကိုတော့ ဖွင့်ပေးသင့်တယ်လို့ ပြောချင်ပါတယ်ခင်ဗျ။
မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးကို ကျေးဇူးအထူးတင်ပါတယ်။