သစ်တောပြုန်းတီးမှုကာကွယ်ရန် လှေကားထစ်စိုက်ပျိုးနည်းပညာ စတင်

သစ်တောပြုန်းတီးမှုကာကွယ်ရန် လှေကားထစ်စိုက်ပျိုးနည်းပညာ စတင်
by -
ကန္တာရဝတီတိုင်း(မ်)

သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ရန်အတွက် ကယားပြည်နယ်အတွင်း ပထမဦးဆုံးအနေဖြင့် စပါးသီးနှံများ လှေကားထစ် စိုက်ပျိုးရေးနည်းပြုလုပ်ရန် စီမံကိန်းများစတင်မည်ဟု ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးက ပြောသည်။

"ကျနော်တို့ ကယားပြည်နယ်မှာလည်း တောင်တွေကတုံးဖြစ်ကုန်ပြီ။ ဒီလိုထိမ်းသိမ်းပြီးတော့မှ နှစ်ရှည်၊ နှစ်တို ပြန်လည် စိုက်ရအောင်ဆိုပြီးတောမှ ပြည်ထောင်စုကိုတောင်းဆိုတာလေ။ အဲတော့ ဘတ်ဂျက်ချပေးတာပေါ့။ တချို့ယာတွေလည်း တောင်သူတွေပိုင်တာရှိတယ်။ ဒါပေမဲ့ ဒီလို လှေကားထစ်လေး လုပ်ပေးလိုက်ပြီး အဲတောင်သူ ပိုင်ရှင်ကိုပဲ ပြန်အပ်မှာ" ဟု သူကပြောသည်။

moe-rice-roks

လှေကားထစ်စိုက်ခင်းကို ကယားပြည်နယ်တွင် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး နိုင်ငံတော်မှ ကယားပြည်နယ် အတွက် ဧက ၃၀၀ ခန့် ပြုလုပ်ရန် ဘတ်ဂျက် ချပေးသည်ဟုသိရသည်။

ဧက ၃၀၀ ကို ဒီးမော့ဆိုမြို့ နယ်တွင် ဧက ၁၀၀၊ ဖရူဆိုမြို့ နယ်တွင် ဧက ၁၀၀ နှင့် မယ်စဲမြို့နယ်တွင် ဧက ၁၀၀ဆီစီမံပြီး လုပ်ဆောင်နေသည်ဟု သိရသည်။ ဒီးမော့ဆိုမှာမှ ဒေါစဲကျေးရွာတွင် ဧက ၅၀၊ လွိုင်နန်းဖ မှာ ၅၀၊ ဖရူဆိုမြို့ မှ လောကူးခူ ရွာနားတွင် ဧက ၁၀၀၊ နှင့် မယ်စဲမြို့ နတ်သလင်ရွာတွင် ဧက ၁၀၀ ဖြစ်သည်ဟု သိရသည်။

လှေကားထစ်စိုက်ခင်းသည် ရေရလျှင် စပါးစိုက်နိုင်သလို၊ ရေမရရင်လည်း တခြားသော မြေပဲ၊ ပြောင်း များကို စိုက်ပျိုးနိုင်ပြီး ရွာသားများ၏ လိုအပ်ချက်အရ စိုက်ပျိုးမည့်အပင်များကို ရွေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးနည်း စနစ်များကို စိုက်ပျိုးရေးဌာနမှ တဆင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှေကားထစ်စိုက်ခင်း ဖော်ဆောင်နေပြီဖြစ်သော ဒီးမော့ဆိုမြို့မှ ဒေါစဲရွာသူ ရွာသားများအနေဖြင့်လည်း ကန့်ကွက်စရာမရှိကြောင်း ဒေသခံများက ဆိုသည်။

စီမံကိန်းဘတ်ဂျက်ကုန်ကျစာရိတ်များကို ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ပေးပြီး စီမံကိန်းကို ယခုလ ၂ လအတွင်း ဆောင်ရွက်မည်ဟု သိရသည်။

ဒီလှေကားထစ်စိုက်ခင်းကို စက်မှုလယ်ယာဦးစီဌာန နှင့် နိုင်မင်း ကုမ္မဏီကနေပြီး တာဝန်ယူဆောင်ရွက်သွားပြီး လာမည့်နှစ်တွင် ဧက ၆၀၀ ထပ်မံစိုက်ပျိုးမည်ဟုသိရသည်။

ကယားပြည်နယ်အတွင်းတွင် ဆည်ရေသောက် စိုက်ပျိုးသည့်လယ်များမှာနည်းပြီး အများစု ကျေးလက်တောင် ပေါ်ဒေသများဘက်တွင် ပြောင်းရွှေ့တောင်ယာစိုက်ခင်းများကို ပိုပြီးစိုက်ပျိုးလေ့ရှိသည့်အတွက် တဖက်မှလည်း သစ်တောပြုန်းတီးမှုများ ဖြစ်ပွားလျက်ရှိသည်။

Most read this week