သတင်းမီဒီယာများကို ဖမ်းဆီးထောင်ချနေခြင်းနှင့် သတင်းလွတ်လပ်ခွင့် အပြည့်အဝရရှိရန် စသည်တို့ကို လွှတ်တော်တွင်းဆွေးနွေးနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်တွင်းရှိ စာနယ်ဇင်းဆရာများ၊ အယ်ဒီတာများ ဆွေးနွေးခြင်းကို သြဂုတ် ၂၈ ရက်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ NLD ရုံးတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးရာတွင် NLD ဗဟိုကော်မတီအဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ သတင်းစာဆရာများ ဆွေးနွေးကြခြင်းဖြစ်သည်။
လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက “သတင်းသမားတွေ လွတ်လပ်စွာ သတင်းရယူခွင့်မရှိရင် ပြည်သူတွေ သတင်းသိခွင့်ရှိမှာမဟုတ်သလို အောက်ခြေကနေ ထိပ်ဆုံး သမ္မတအဆင့်အထိ နိုင်ငံတွင်းက ပြောင်းလဲ ဖြစ်ပျက်နေတာတွေ၊ အကျင့်ပျက်ခြစားနေတာတွေ ဖော်ထုတ်မှုကို ထိခိုက်နိုင်ပါတယ်”ဟု ယင်းဆွေးနွေးပွဲတွင် ပြောသည်။
NLD သည် သတင်းမီဒီယာဖိနှိပ်မှုကို ကန့်ကွက်သည်ဟုလည်း ဗဟိုကော်မတီဝင် ဦး ဉဏ်ဝင်းက ပြောသည်။
“သတင်းမီဒီယာဥပဒေဆိုတာ မရှိသင့်ဘူး။ သတင်းသမားကလည်း သူ့ဂုဏ်သိက္ခာအရ ကျင့်ဝတ်ဖောက်ဖျက် တာမျိုး လုပ်မှာမဟုတ်ဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက သတင်းမီဒီယာဥပဒေမူကြမ်းကို လွှတ်တော်အတွင်း တင်သွင်းရန် နိုင်ငံရေးပါတီများကို ဖိတ်ကြားစဉ်က တိုင်းရင်းသားပါတီများနှင့် ပါတီအချို့သာ တက်ရောက်ခဲ့ပြီး NLD နှင့် ပြည်ခိုင်ဖြိုးပါတီနှစ်ခုက တက်ရောက်ခဲ့ခြင်း မရှိခဲ့သဖြင့် သတင်းမီဒီယာနယ်ပယ်နှင့် ပါတီများအကြား အချိတ်အဆက်လွဲမှားမှုများရှိခဲ့သည်ဟုလည်း ယင်းပွဲတွင် ပြောသည်။
ဦးကျော်မင်းဆွေက “နိုင်ငံရေးပါတီတွေအနေနဲ့ မိမိတို့ နိုင်ငံအတွင်းက နယ်ပယ်ပေါင်းစုံကို စိတ်ဝင်စားပြီး လေ့လာချိတ်ဆက်လာမျိုးတွေရှိနေဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။