ကယားပြည်နယ်အစိုးရအနေဖြင့် ကျန်းမာရေးစောက်ရှောက်မှု အခန်းကဏ္ဍများတွင် လိုအပ်နေသည့် ဆေးပစ္စည်းများ၊ ဆရာဝန်များကို ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ကျေးလက်ဆေးပေးခန်းများ၊ တိုက်နယ်ဆေးရုံများနှင့် ဆေးရုံများတွင် ဆေးရုံအသုံးအဆောင်ပစ္စည်းများ လိုအပ်နေခြင်း၊ ခွဲစိတ်ကုသရန် ပစ္စည်းကိရိယာများမစုံလင်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများလိုအပ်နေခြင်း စသည့်လိုအပ်သည့် အချက်အလက်များကို သက်ဆိုင်ရာဌာနများက စာရင်းပြုစုနေကြောင်း ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ပြောသည်။
“ကျေးလက်ဒေသမှာ ဆေးခန်းတွေတည်ဆောက်တယ် ဆေးရုံလောက်ပဲ ရှိတယ်ကော အထဲက အသုံးအဆောင် ဆေးတွေမရှိတာတွေ အဲဒါတွေလိုအပ်တယ် အဲဒါတွေပြုစုပြီးတော့တင်ပြမယ်” ဟု ဝန်ကြီးဦးပိုးရယ်ရန်အောင်က ပြောသည်။
ယခုနှစ်ပိုင်း အတွင်း အစိုးရမှ ကယားပြည်နယ် အတွင်းရှိ ကျေးရွာများတွင် ဆေးခန်းအသစ်များ ဆောက်လုပ်ပေးနေသော်လည်း ဆေးခန်းများတွင် ဆေးဖက်ဆိုင်ရာဝန်ထမ်းများနှင့် ဆေးဝါးများမရှိသေး ကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံခေါင်းဖျားသောနေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် ယခုအချိန်ထိ လက်လှမ်းမမီနိုင်သေးကြောင်း ပြည်နယ် ကျန်းမာရေးမှူးဒေါက်တာထွန်းအောင်ကြည်က ပြောသည်။
“ကျန်းမာရေးပိုင်းမှာ နောက်နှေးဆုံးဆိုတာကတော့ အဲလိုမျိုးသွားလာဖို့ ခက်ခဲတဲ့နေရာတွေပေ့ါ။ သွားစရာ ယာဉ်နဲ့ သွားလို့မရဘူး။ ခြေလျင် လျှောက်သွားရမယ်ဆိုတဲ့ နေရာမျိုးတွေ အဲလိုနေရာမျိုးတွေက အခုချိန်ထိ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အခက်အခဲ ရှိနေတုန်းပဲ” ဟု ၎င်းကဆက်ပြောသည်။
ကယားပြည်နယ်အတွင်း မြို့နယ် ရ မြို့နယ် မြို့နယ်ခွဲ ၁ မြို့နယ်ရှိရာ လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့ရှိ ပြည်သူ့ ဆေးရုံကြီးတွင်သာ အချိန်ပြည့် ဆရာဝန်ကြီးများရှိပြီး ကျန်သည့်မြို့နယ်များတွင် ဆရာဝန်များက အလှည့်ကျ တာဝန်ယူဆေးကုပေးနေကြရသည်။
အစိုးရနှင့် KNPP တို့ အပစ်ခတ်ရပ်စဲရေးယူနေသည့် ကာလတလျောက်တွင် ပြည်နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အစိုးရအဖွဲ့များ၊ ကျန်းမာရေးဌာနများ၊ အပစ်ရပ်အဖွဲ့အစည်းများက အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းလုပ်ဆောင်လာခဲ့ကြောင်း သိရသည်။