အမျိူးသားအဆင့် အင်္ဂလိပ်ဘာသာ စကားပြောစွမ်းရည်ပြိုင်ပွဲတွင် ချင်းအမျိူးသား တစ်ဦး ပထမဆုရ

အမျိူးသားအဆင့် အင်္ဂလိပ်ဘာသာ စကားပြောစွမ်းရည်ပြိုင်ပွဲတွင် ချင်းအမျိူးသား တစ်ဦး ပထမဆုရ
by -
ခိုနူမ်းထုန်

အဆင့်မြင့်ပညာကဏ္ဍ အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲတွင် ချင်းအမျိူးသား ငွန်လျန်ဆန်းက ကျပန်း စကားပြော ပြိုင်ပွဲ (ဘွဲ့လွန်)အဆင့်ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည်ဟု သြဂုတ်လ ၂၇ရက်နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ကလေးတက္ကသိုလ်ကျောင်းသား ချင်းအမျိူးသား ငွန်လျန်ဆန်း သည် ကျပန်း စကားပြောပြိုင်ပွဲ (ဘွဲ့လွန်)အဆင့်ပြိုင်ပွဲ၌ ပထမဆုရရှိသည့် အပြင် ဘွဲ့လွန် အဆင့် စာစီစာကုံး၊ ကျပန်းစကားပြော နှင့် စကားဝိုင်း ဆွေးနွေးပွဲ ပြိုင်ပွဲ (၃) ခုပေါင်း တွင်လည်း ဒုတိယ ဆုရရှိခဲ့သည်ဟု အဆိုပါ သတင်းစာတွင် ဖော်ပြသည်။

ထို့အပြင် ချင်းအမျိူးသားများဖြစ်ကြသော မောင်အွမ်ဆွင်းခိုင်က ဘွဲ့လွန်အဆင့် စာစီစာကုန်းပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့ပြီး ဘွဲ့ကြိုအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် မောင်လာလ်ရွေးလျန်ကလည်း တတိယဆု အသီးသီးရရှိခဲ့ကြသည်။

သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ၏ စာစီစာကုံး ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင် ပွဲနှင့် စကားဝိုင်း ဆွေးနွေးပွဲပြိုင်ပွဲများသို့ ဘွဲ့ကြိုအဆင့် ပြိုင်ပွဲဝင် ၂၄ ဦးနှင့် ဘွဲ့လွန်အဆင့် ပြိုင်ပွဲဝင် ၁၆ ဦး စုစုပေါင်း ၄၀ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်များသည် တက္ကသိုလ်အဆင့်နှင့် အဆင်မြင့်ပညာ ဦးစီးဌာနအဆင့်များတွင် ဆုရရှိပြီး အမျိုးသားအဆင့် ကို ဝင်ရောက် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် ပြောကြားရသည့် ခေါင်းစဉ်များသည် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအား ကြိုတင် အသိပေး ထားခြင်း မရှိသော ခေါင်းစဉ်များဖြစ်ပြီး ယခုပြိုင်ပွဲတွင် ဗြိတိသျှကောင်စီမှ အကဲဖြတ် ဒိုင် လေးဦးနှင့် Edulink Australia မှ အကဲဖြတ်ဒိုင် တစ်ဦးတို့က အကဲဖြတ်ဒိုင်များ အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။