၂၁ နှစ်ကျော်ကြာ ထုတ်လွှင့်လာခဲ့သည့် DVB မြန်မာပိုင်းနှင့် တိုင်းရင်းသား ရေဒီယိုအသံလွှင့် အစီအစဉ်ကို လာမည့် အောက်တိုဘာလကုန်တွင် ရပ်နားတော့မည်ဖြစ်ကြောင်း သြဂုတ်လ ၂၆ရက်နေ့ ပြုလုပ်သည့် DVB တိုင်းရင်းသားအစီအစဉ် Online အစည်းအဝေးမှ သိရသည်။
ဒီဗွီဘီ သတင်းဌာန အယ်ဒီတာ ဦးခင်မောင်စိုးက “ပြည်တွင်းကနေ မဂ္ဂဇင်းတွေ ဂျာနယ်တွေပိုပြီးထွက်လာ တဲ့အချိန်မှာ Shot Wave လှိုင်းတိုရေဒီယိုကနေ သတင်းရယူတဲ့နေရာမှာ အတော်လေးနည်းလာတယ်၊ ကျနော်တို့ မနက် ၆ နာရီနဲ့ ည ၉ နာရီ သတင်းထုတ်လွှင့်နေတဲ့အချိန်မှာ ပရိသတ်တွေက ဒါကိုစောင့်နား ထောင်ရမယ့်အစား သတင်းစာတို့ ဂျာနယ်တို့ကနေ သွားပြီးဖတ်တာက ပိုများသွားတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လှိုင်းတိုရေဒီယို နားထောင်မှုနှင့် ပတ်သက်၍ အမေရိကန်အခြေစိုက် စစ်တမ်းကောက် ယူရေးအဖွဲ့မှ လှိုင်းတိုရေဒီယိုနားဆင်မှု အခြေအနေ စစ်တမ်းကောက်ခဲ့ယူရာတွင် ဒီဗွီဘီလှိုင်းတိုရော ဒီယိုနားဆင်မှုမှာ ၂ ရာခိုင်နှုန်းသာရှိပြီး ပြည်ပအခြေစိုက်မြန်မာပိုင်း ရေဒီယိုသတင်းဌာန ၄ ခုအနက် အနည်းဆုံးဖြစ်သည်ဟု ဆိုသည်။
ထိုကြောင့် ဒီဗွီဘီသတင်းဌာနကို ထောက်ပံ့နေသည့် အလှူရှင်မှ ရေဒီယိုထုတ်လွှင့်မှုကို ရပ်ဆိုင်းကာ အားသာသည့် မီဒီယာလိုင်း (ရုပ်သံလိုင်း) ကို အားဖြည့်လုပ်ဆောင်သွားရန်အတွက် တိုက်တွန်းထားသည်ဟု သိရသည်။
ထိုသို့ ရေဒီယိုအစီအစဉ်မှ ရုပ်သံလိုင်းအစီအစဉ်သို့ ပြောင်းလဲရာတွင် တိုင်းရင်းသားအစီအစဉ် ထုတ်လွှင့်နေ သူများ အတွက် အခက်ခဲများနှင့် ရင်ဆိုင်နိုင်ရသည်ဟု ဆိုသည်။
ကယန်းတိုင်းရင်းသားအစီအစဉ် တာဝန်ခံက “အရင်အစည်းအဝေးတွေမှာ ပြောထားတာTV သင်တန်းတွေအရင် ပေးသွားမယ်၊ လိုအပ်တဲ့နည်းပညာပိုင်း အကူအညီ အရင်ပေးသွားဖို့ ဆိုပေမယ့် အကောင်အထည်ဖော် တာမရှိခဲ့ဘူး၊ အခု တစ်လ နှစ်လ အတွင်းမှာ ဗြုန်းကနဲ ပြောင်းလဲမှာဆိုတော့ ကျနော်တို့အနေနဲ့ပြင်ဆင်ချိန်မ ရလိုက်ဘူးပေါ့” ဟု ပြောသည်။
အကြောင်းမှာ တိုင်းရင်းသားအစီအစဉ်များကို အကောင်အထည်ဖော် ထုတ်လုပ်နေသည့် တာဝန်ခံများအနေဖြင့် နယ်စပ်တွင် အခြေစိုက်သူများဖြစ်သဖြင့် ရုပ်သံထုတ်လွှင့်မှုအတွက် လိုအပ်သည့် ကုန်ကြမ်းများရရှိရန် အခက်အခဲများရှိနိုင်ကြောင်း Online ဆွေးနွေးမှု၌ တင်ပြခဲ့ကြရာ အထူးသဖြင့် ရုပ်သံရိုက်ကူး၊ တည်းဖြတ် ကရိယာများအပြင် နည်းပညာများလည်း လိုအပ်နေသေးဟု ဆိုသည်။
လက်ရှိ တိုင်းရင်းသားအသံလွှင့်အစီအစဉ်တွင် ကချင်၊ ကယား(ကရင်နီ) ကယန်း ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် ရှမ်းဘာသာများဖြင့် နေ့အလိုက် တိုင်းရင်းသားအပတ်စဉ် ရေဒီယိုအစီစဉ်ထုတ်လွှင့်လျက် ရှိသည်။
ဒီဗွီဘီ မြန်မာပိုင်းရေဒီယိုအသံလွှင့်အစီအစဉ်များကို မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ NCGUB က နော်ဝေးနိုင်ငံ အော်စလိုမြို့မှ တိုက်ရိုက်အသံလွှင့်ပြီး တိုင်းရင်းသားအစီအစဉ်များကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ ဦးစီး၍ KNU ဌာနချုပ်ဟောင်းရှိရာ မာနယ်ပလောစတူဒီယိုတွင် တဆင့်အသံသွင်း၍ လွန်ခဲ့သည့် ၁၉၉၃ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။