အင်အားကြီး စစ်ရေး မဟာမိတ် ၃ ဖွဲ့ ကာချုပ်နှင့် တွေ့ဆုံ

အင်အားကြီး စစ်ရေး မဟာမိတ် ၃ ဖွဲ့ ကာချုပ်နှင့် တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တွင်းရှိ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်မတော် သုံးခုဖြင့် ဖွဲ့စည်းထားသော  စစ်ရေး မဟာမိတ် အဖွဲ့နှင့် နေပြည်တော် အစိုးရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးးကြီး မင်းအောင်လှိုင်တို့ ယမန်နေ့  ဩဂတ်စ်လ ၂၅ ရက်က နေပြည်တော် ဘုရင့်နောင် ရိပ်သာ၌ တွေ့ဆုံခဲ့ကြသည်။

အဆိုပါခရီးစဉ်တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS (မိုင်းလားတပ်ဖွဲ့)အား ဦးဆန်းပေ (ဒု-ဥက္ကဌ) ဦးဆောင်သည့် ၁၂ ယောက်အဖွဲ့ ၊ UWSA ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်ကို ဦးရှောက်မင်လျဲန် (ဒု-ဥက္ကဌ) ဦးဆောင်သည့် ၁၆ ဦးအဖွဲ့ ၊  SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်  မှ ဒု-ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း ဦးဆောင်သည့် ၁၂  ဦးအဖွဲ့တို့က ကာချုပ်နှင့်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံမှုတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြ သည်ဟု ပန်ဆန်းဌာနချုပ်ရုံး အရာရှိ တစ်ဦးကပြောသည်။

“မနေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ကာချုပ် မင်းအောင်လှိုင်က လက်ခံတွေ့ဆုံတယ်။ ဒီနေ့ ရန်ကုန်ဆင်းမယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းမယ်။” ဟု အဆိုပါ အမည်မဖေါ်လိုသည့် ပုဂ္ဂိုလ်ကပြောသည်။

၂၀၁၁ ဂျွန်လမှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တပ်မတော် စစ်ကြောင်းများ ရပ်တန့်ရေးအတွက် စစ်ရေးမဟာမိတ်ဖြစ်သော အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့၊ အထူးဒေသ (၂) UWSA ဝ တပ်ဖွဲ့ နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့က   ၂၀၁၃  နှစ်ဆန်းပိုင်းက ပူးပေါင်းတောင်းဆိုခဲ့သည်။