ထွန်တုံးတိုက်ပွဲဆင်နွဲခဲ့ခြင်းကြောင့် တရားစွဲဆိုခံရသူ တောင်သူ ၄ ဦးနှင့် အစစ်ဆေးခံ တောင်သူ (၁၉၀) ကျော်အတွက် စုပေါင်း ဆုတောင်းပွဲတရပ်ကို ပြီးခဲ့သော သြဂုတ်လ ၂၄ ရက်နေ့ က ဖရူဆိုမြို့နယ်၊ ဆိုလျား ကူးကျေးရွာတွင် ပြုလုပ်ခဲ့သည်။
“ကျနော်တို့ တခြားနည်းလမ်းသုံပြီး လုပ်တာတွေလည်း သိပ်အဆင်မပြေဘူးပေါ့ ဒါကြောင့်ဘုရားကိုပဲ အားကိုးပြီးတော့ ကျနော်တို့ဆုတောင်းရခြင်း ဖြစ်ပါတယ်။ ကျနော်တို့မြေတွေ ပြန်လည်ရရှိဖို့ပဲ ရည်ရွယ်ပါတယ်״ ဟု ဆိုလျားကူးရွာ ရပ်မိရပ်ဖ ဦးဆူရယ် က ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။
ခမရ (၅၃၁) တပ်ရင်းမှ သိမ်းယူထားသော ဆိုလျားကူးတောင်သူပိုင် ယာမြေများပေါ်တွင် ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွဲကာ သီးနှံပင်များ စိုက်ပျိုးခဲ့ခြင်းကြောင့် ယခုလို တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
“ဒီမြေတွေ ပြန်လည်ရရှိဖို့ ဒေသခံတွေနဲ့အတူ ပတ်ဝန်းကျင်ရွာတွေကလည်း ကျနော်တို့ နဲ့အတူ လှုပ်ရှားမှုမှာ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးဖို့ ပိုမိုစည်းလုံးဖို့ ပိုမိုရင်းနှီးလာဖို့ပေါ့ ဒီလှုပ်ရှားမှုမှာ ရင်းရင်းနှီးနှီး နဲ့လုပ်ရင် ပိုပြီးထိရောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်״ ဟု ဆိုလျားကူး တပ်သိမ်းမြေ အရေး ဦးဆောင်သူ ကိုတူရယ်က ပြောသည်။
၎င်း ဆုတောင်းပွဲသို့ အနီးပတ်ဝန်းကျင် ကျေးရွာ ၄ ရွာ နှင့် အရပ်ဖက်လူမှု အဖွဲ့စည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း လူဦးရေ ၅၀၀ နီးပါးလည်း တက်ရောက်ခဲ့သည်။
လက်ရှိတွင် တပ်သိမ်းယာမြေများပေါ်တွင် စိုက်ပျိုးထားသော သီးနှံပင်များအား တောင်သူများမှ သွားရောက် ကြည့်ရှု့ရာတွင် တပ်မှပြန်လည် မောင်းထုတ်ခြင်း၊ ကတုတ်ကျင်း ပုံစံ မြောင်းများကို သိမ်းဆည်းထားသည့် သက်မှတ် ခြံစည်းရိုး နေရာများတွင် တူးဖော်ခြင်းများ ပြုလုပ်လျှက်ရှိ ကြောင်းသိရသည်။