တရုတ်ပြည်သို့ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်နေသော မြန်မာ အလုပ်သမား များ ၄၀ခန့်အား တရုတ် အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာ အာဏာပိုင်ထံ အပ်နှံ ခဲ့ကြောင်း နယ်စပ် သတင်းအရ သိရှိရသည်။
“တချို့က နိုင်ငံကူးလက်မှတ်ရှိပြီး နေထိုင်ခွင့်လက်မှတ် မရှိဘူး။ တချို့က ရ ရက်စာ နေထိုင်ခွင့်ရှိတဲ့ လက်မှတ်လုပ်ပြီး ဝင်သွားတယ်။ သက်တမ်းကုန်ပေမဲ့ ပြန်မလာဘူး။ အဲဒီမှာဘဲ အလုပ်လုပ်နေတယ်။ စာရွက်စာတမ်း မပြည့်စုံတဲ့သူတွေပါ” ဟု အလုပ်သမားရေးရာဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
တရားမဝင် မြန်မာအလုပ်သမား ၄၀ ခန့်အား တရုတ်အာဏာပိုင်များက သြဂတ်စ်လ ၂၃ ရက် နံနက် ၉:၃၀ တိတိ တရုတ်−မြန်မာနယ်စပ် ဂျယ်ကောင်ရှိ “ရွှေနန်းတော်” နယ်စပ်ဂိတ်၌ လဝကအာဏာပိုင်များထံ အပ်နှံခဲ့ကြောင်း၊ အဆိုပါအလုပ်သမားများမှာ ရခိုင် ၊ မန္တလေး ၊ ဧရာဝတီတိုင်းတို့မှ ဖြစ်ပြီး အသက် ၂၀ နှင့် ၃၀ ကြား ရှိသူများဖြစ်ကြောင်း ဆိုသည်။
“သူတို့တွေရဲ့ ဆန္ဒကို မေးကြည့်တော့ တချို့က ဂျယ်ကောင်မှာရှိတဲ့ သူတို့ရဲ့ဆွေမျိုး၊ သူငယ်ချင်း တွေနဲ့အတူ နေအုံးမယ်။ မပြန်သေးဘူးပေါ့။ တချို့က ပြန်မယ်လို့ပြောတယ်။ ပြန်မဲ့သူတွေကို အလုပ်သမားရေးရာဌာနက ကူညီဆောင်ရွက်ပေးပါတယ်” ဟု အဆိုပါ နီးစပ်သူက ပြောသည်။
၎င်းအလုပ်သမားများမှာ တရုတ်ပြည် ကျင့်ကျန်သို့ သွားရောက်အလုပ်လုပ်ကြရာ တစ်လပင် မပြည့်သေးကြောင်း၊ တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးမှု ခံရပြီးနောက် ၁ ရက် ၂ ရက်အတွင်း နယ်စပ်သို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ခံရမှု မရှိကြောင်း အလုပ်သမားများက ပြောသည်ဟု သိရှိရသည်။
မေလလယ်ပိုင်းမှစ၍ တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာ အလုပ်သမား များအား နယ်စပ်၌ တရုတ်အာဏာပိုင်များက တင်းကြပ်စွာ မေးမြန်းစစ်ဆေး မှုများ ပြုလုပ်လျက်ရှိသည်။