ပဋိပက္ခများဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ရှိ ကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်အားလုံးကို သြဂုတ်လအကုန်တွင် ပြန်လည်နေရာချပေးတော့မည်ဟု မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်က သြဂုတ်လ ၂၅ရက်က မဇ္စျိမကို ပြောသည်။
"တည်ငြိမ်အေးချမ်းနေပြီလည်း ဖြစ်တဲ့အတွက် အခုလကုန်မှာ ကျန်ရှိနေသူ အားလုံးကို အကုန် ပြန်လည်နေရာချထားပေးတော့မှာပါ။ သူတို့တွေ ဒုက္ခသည်တွေအဖြစ် နေရတာ တစ်နှစ်နဲ့ခြောက်လတောင် ကြာခဲ့ပါပြီ။ " ဟု ၎င်းက ဆိုသည်။
၂ဝ၁၃ခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့သော မိထ္ထီလာပဋိပက္ခကြောင့် လက်ရှိအချိန်အထိ ဒုက္ခသည်များအဖြစ် ခိုလှုံနေရနေရသူ လေးထောင်ကျော်ရှိခဲ့သည်။ ထိုအထဲမှ နှစ်ထောင်ကျော်ကို ပြန်လည်နေရာချထားပေးခဲ့ပြီး ကျန်ရှိနေသူများကို သြဂုတ်လအကုန်တွင် ပြန်လည် နေရာချပေးရန် စီစဉ်ခြင်းဖြစ်သည်။
သြဂုတ်လ ၂၁ ရက်က မိတ္ထီလာမြို့ ရေအရင်းမြစ်ရုံးတွင် ခုံလှုံနေရသည့် ဒုက္ခသည်အိမ်ထောင်စုပေါင်း ၃၅ဝကို ချမ်းအေးရပ်ကွက် တွင် ပြန်လည် နေရာချထားပေးခဲ့သည်။ ပို့ဆောင်ဆက်သွယ်ရေး ကယ်ဆယ်ရေးစခန်းနှင့် ခရိုင်အားကစားကွင်းမှ ကျန်ရှိ ဒုက္ခသည်များ ကိုလည်း မိမိနေရာသို့ ပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်း အသိပေးသွားမည်ဟု ဦးတင့်ဝေသုန်က ဆက်လက်ပြောသည်။
မိထ္ထီလာမြို့ရှိ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူများကို ၂ဝ၁၄ခုနှစ် ဧပြီလအတွင်း ပြန်လည်နေရာချ ထားပေးမည်ဟု သက်ဆိုင်ရာက ကြေငြာခဲ့သော်လည်း လက်ရှိအချိန်ထိ မပြီးစီးသေးရခြင်းမှာ ပြန်လည်နေရာချထားပေးရန် အဆောက်အဦများ ပြီးစီးမှု နှောင့်နှေးခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယင်းက ပြောကြားသည်။
ပြန်လည်နေရာချထားရေးနှင့် ပတ်သက်ပြီး လိုအပ်ချက်များရှိနေသည်ဟု မိတ္ထီလာမြို့ရှိ ဒေသခံတစ်ဦးဖြစ်သည့် ဒေါက်တာ စန်းလှိုင်ကပြောသည်။
"အချို့တွေအတွက် အိမ်တွေ ပြန်ဆောက်ပေးတာ ရှိသလို တစ်ချို့အတွက်မရှိဘူး။ နေအိမ်မီးလောင်သွားလို့ မသေရုံ လုပ်ကိုင် စားသောက်ဖို့ ရုန်းကန်နေရချိန်မှာ နေအိမ်က အစ ပြန်ဆောက်မယ်ဆိုရင် မလွယ်ကူနိုင်ဘူး။ ပြန်လည်နေရာချထားပေးတာတော့ ကောင်းပါတယ်" ဟု ၎င်းကဆို သည်။